ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းအခွန်ပေးဆောင်ရမည့်အပေါ် ပြည်ပရောက် မြန်မာလုပ်သားများ ကန့်ကွက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ ပြည်ပရောက် မြန်မာနိုင်ငံသားများ ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည့်အပေါ် မြန်မာလုပ်သားများ လက်မခံကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများထံမှ သိရသည်။

“ ဒီဟာက ဘယ်လိုမှအဆင်မပြေဘူး။ အဆင်မပြေလို့ ပြည်ပထွက်အလုပ်လုပ်တာလေ။ ဒါကိုအခွန်ထပ်ကောက်မယ်ဆိုတော့ အလုပ်သမားတွေအတွက်က အဆင်မပြေတော့ဘူး။ သူတို့က နိုင်ငံခြားငွေကို ဘယ်လိုရအောင်လုပ်မလဲပဲ စဉ်းစားနေတာ။” ဟု ထိုင်းနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးကပြောသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ UN ရုံးရှေ့တွင် မြန်မာအလုပ်သမားများ စုပေါင်းကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ထို နိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ပြင်ဆင်ပြဌာန်းလိုက်သည့် အခွန်ကောက်ဥပဒေတွင် ပြည်ပနေ နိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် နိုင်ငံခြားငွေအမျိုးအစားဖြင့် ၁၀ ရာ ခိုင်နှုန်းကို လာမည့် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၄၊ မတ်လ ၃၁ ရက်အထိ ဝင်ငွေခွန်စည်းကြပ်ကောက်ခံမည်ဟု နစက ဥက္ကဌ လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ တခြားအလုပ်သမားတွေတော့ မသိဘူး။ ကျွန်တော်တို့က အေဂျင်စီနဲ့ချိတ်ပြီး လာရတာ။ MoU စနစ်နဲ့ပေါ့။ အဲဒီတော့မဖြစ်မနေ ပေးဆောင်ရတော့မယ့်သဘောဖြစ်နေတယ်။ ဒါဆိုရင် ကိုယ့်အတွက်လည်း ဘာမှမကျန်သလို အိမ်ကလည်း ဘယ်လောက်မှ ရမှာမဟုတ်ဘူး။” ဟု ထိုင်းနိုင်ငံရှိ MoU လုပ်သားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

စုစု

ဓာတ်ပုံ-အလုပ်သမားသံအရာရှိရုံး

#ယနေ့ခေတ်

ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းအခွန်ပေးဆောင်ရမည့်အပေါ် ပြည်ပရောက် မြန်မာလုပ်သားများ ကန့်ကွက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.