လှိုင်းဘွဲမြို့၊ ဧပြီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ဘိစခတ်တောင်စွန်းကျေးရွာအုပ်စု၊ ဘိစခတ်တောင်စွန်းရွာတွင် ဧပြီ ၁၅ ရက်၊ မွန်းတည့် ၁၂ နာရီခွဲက Hilux Revo အမျိုးအစား မော်တော်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ဒေသခံတွေ သတင်းပေးပို့ချက်အရ သွားရောက်ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုယာဥ်တိမ်းမှောက်မှုက အနီရောင်အဆင့်၊ အဝါရောင်အဆင့်နဲ့ အစိမ်းရောင်အဆင့်ဆိုပြီး အရောင်သုံးရောင်ခွဲလိုက်ရပါတယ်။ အနီးရောင်အဆင့်က အရေးပေါ်ပါ။ အဝါရောင်အဆင့်က ထိခိုက်ဒဏ်ရာပေါ့။ အစိမ်းရောင်ဆိုတာက ပွန်းပဲ့ဒဏ်ရာလောက်ကို ဆိုလိူတာပါ။” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အခင်းဖြစ်စဥ်နေရာသို့ လူနာတင်ယာဥ်များ အမြန်ဆုံးရောက်ရှိစေနိုင်ရန်အတွက် နယ်မြေခံ လှိုင်းဘွဲမြို့နယ်အသင်းများနှင့် ဆက်သွယ်ချိတ်ဆက်၍ ဖြစ်စဥ်နေရာမှ လူနာ ၂၁ ဦးအ နက် အနီရောင်အဆင့်လူနာ ၁၀ ဦး၊ အဝါရောင်အဆင့် လူနာ ၄ ဦးနှင့် အစိမ်းရောင်အဆင့်လူနာ ၇ ဦးတို့ကို ဘားအံပြည်သူ့ဆေးရုံကြီးသို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ခွဲများက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလူနာများကို ဘားအံပြည်သူ့ဆေးရုံကြီးသို့ အမြန်ဆုံးရောက်ရှိနိုင်စေဖို့အတွက် ပေါင်၊ နောင်ဘိုကြီး၊ စိတ္တဝိဝေက၊ ကစို၊ ကျောင်တောင်၊ ပတ်ကျော၊ လှိုင်းဘွဲ၊ ကော့သလော်တို့မှ လူနာတင်ယာဥ်များဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
လှိုင်းဘွဲမြို့နယ်တွင် ကားတစ်စီးတိမ်းမှောက် ၂၁ ဦး ထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်