ရန်ကုန်၊ စက်တင်ဘာ ၂၈
ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ယမန်နေ့က စားအုန်းဆီများအား သတ်မှတ်စျေးဖြင့်မရောင်းဘဲ စျေးမြှင့်ရောင်းချနေသည်ဟုဆိုသူ အမျိုးသား ၃ ဦးအားဖမ်းဆီးကာ အမှုဖွင့်အရေးယူထားကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ယမန်နေ့ နေ့လည်က လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရေဥက္ကံကျေးရွာ၊ စက်မှုဇုန် ၃၊ ဗန်းမော်အတွင်းဝန်လမ်းနှင့် ဦးရွှေအိုးလမ်းထောင့်တွင် စားအုန်းဆီများအား စျေးတင်ကာ ရောင်းချနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဟု သိရသည်။
“ သူတို့က ဆီကုမ္ပဏီရဲ့ ဝန်ထမ်းတွေပါ။ သူတို့ကိုကုမ္ပဏီက သတ်မှတ်စျေးအတိုင်း သွားရောင်းခိုင်းတာကို အကုန်မရောင်းဘဲ ဆီဗူးတွေသိမ်းထားပြီး အပြင်မှာ စျေးတင်ရောင်းလို့ ဖမ်းဆီးတာ။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ ၃ ဦးကို စစ်ဆေးချက်အရ ၎င်းတို့မှာ လှိုင်သာယာမြို့နယ်ရှိ စားသုံးဆီစက်ရုံမှ ဝန်ထမ်းများဖြစ်ပြီး ၎င်းတို့အား စက်ရုံမှ သန့်စင်ပြီးစားအုန်းဆီ ၅၅၀ ပိဿာအား ၅၀ ကျပ်သားဝင် ပလပ်စတစ်ဗူးများဖြင့် ထည့်သွင်း၍ ဗူးပေါင်းတစ်ထောင်ကျော်အား သတ်မှတ်စျေးဖြစ်သော တစ်ပိဿာလျှင် ၅၄၀၀ ကျပ်ဖြင့် ကော့မှူးမြို့နယ်သို့ ကိုယ်စားလှယ် အဖြစ် သွားရောက်ရောင်းချရန် စေခိုင်းသည်ဟု သိရသည်။
သို့သော် ကော့မှူးတွင် ဆီဗူး ၈၀၀ ကျော်သာရောင်းချပြီး ကျန်ရှိသောဆီဗူး ၂၀၀ ကျော်အား ၁ ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ယခုဖမ်းဆီးရမိသည့်နေရာတွင် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရ၍ ရန်ကုန်တိုင်း စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုဦးစီးမှူးက တရားလိုပြုလုပ်ကာ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ကုန်စုံဆိုင်နှစ်ဆိုင်အား သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေးရာ မြေပဲဆီအတွင်း အခြားဆီများ ရော နှောရောင်းချနေကြောင်း တွေ့ရှိရသည်ဟုဆိုကာ ဆိုင်ရှင်များအားဖမ်းဆီး၍ ရဲစခန်းတွင် ခံဝန်လက်မှတ်ထိုးခိုင်းပြီး ကုန်စုံဆိုင်နှစ်ဆိုင်အား ယာယီချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
မောင်ဇော်
ဓာတ်ပုံ – စုစု
ပုံစာ- ယခုရက်ပိုင်းတွင် ရန်ကုန်မြို့၌ စားအုန်းဆီအား တန်းစီ၍ ဝယ်ယူနေစဉ်။
လှိုင်သာယာ၌ စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ရောင်းချနေသူ ၃ ဦးအား ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်