ရန်ကုန်၊ ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဘုရင့်နောင်တံတားအမှတ်(၂) လှိုင်သာယာဘက်အဆင်းတွင် ဇန်နဝါရီ ၃၀ ရက်၊ ည ၈ နာရီခွဲက လိုက်ထရက်ယာဥ်တစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါလိုက်ထရက်ယာဥ် တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ(ပြင်းထန်)ရရှိခဲ့ကြောင်း မြတ်ကုသိုလ်လူမှုကူညီရေးအသင်းမှ သိရသည်။
“ ဘုရင့်နောင်တံတားအမှတ်(၂)အဆင်းမှာ တိမ်းမှောက်သွားတာပါ။ ယာဥ်ပေါ်ပါအမျိုးသားတစ်ဦးက နေရာမှာပဲ သေဆုံးသွားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ တံတားအဆင်းမှာ အရှိန်မထိန်းနိုင်လို့ တိမ်းမှောက်သွားတယ်လို့ ယူဆမိပါတယ်။” ဟု မြတ်ကုသိုလ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်သာယာပြည်သူ့ဆေးရုံကို မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဥ်တိမ်းမှောက်မှု ၁၂၃ မှုထိဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူ ၃၄၅ ဦးနှင့် သေဆုံးသူ ၇၀ ဦးထက်မနည်းရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ -CJ
#ယနေ့ခေတ်
လှိုင်သာယာတွင် လိုက်ထရက်ယာဥ်တိမ်းမှောက်ပြီး အမျိုးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်