ရန်ကုန်၊ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရေကြီးရေလျှံမှုများကြောင့် ရေဘေးလွတ်ရာရှောင်နေရသည့် အိမ်ထောင်စုသုံးရာခန့်သည် နှစ်ပတ်ကြာသည်အထိ နေရပ်သို့မပြန်နိုင် သေးကြောင်း ဒေသခံ ပရဟိတအသင်းများမှ သိရသည်။
လက်ရှိတွင် ရေဘေးရှောင်နေသူ အများစုမှာ လှည်းကူးမြို့နယ် အနိမ့်ပိုင်းရှိ ကျေးရွာများမှဖြစ်ပြီး လှည်းကူးမြို့ပေါ်ရှိ ရေလွတ်ရာ ဘုန်းကြီးကျောင်း၊ ဘောလုံးကွင်းနှင့် ဓမ္မာရုံတို့တွင် ရေဘေးရှောင်နေရကြောင်း သိရသည်။
“ ရေကျတယ်ဆိုတာ ပြောပလောက်အောင် မဟုတ်ပါဘူး။ တစ်လက်မ၊ နှစ်လက်မလောက်ကျတာ။ အနိမ့်ပိုင်းရွာတွေဆိုရင် ရင်ခေါင်းလောက်အထိရှိသေးတယ်။ မြို့ပေါ်မှာ တော့ ကျပါတယ်။ အခု အိမ်ပြန်လို့မရတဲ့ အိမ်ထောင်စု သုံးရာလောက်ကို ကျွန်တော်တို့အသင်းက ရိက္ခာခြောက်တွေပေးသလို တစ်ချို့ရေဘေးမရှောင်ဘဲ အိမ်မှာနေတဲ့သူ တွေအတွက် ထမင်းနဲ့ဟင်း လိုက်ပို့ပေးတယ်။” ဟု ဂရုဏာရှင် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အောက်တိုဘာ ၇ ရက်မှစတင်ကာ ငမိုးရိပ်ချောင်း ရေတက်လာခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာအချို့ ရေလွှမ်းမိုးခဲ့ပြီး ဒေသခံ လေးထောင်ကျော်တို့ ရေဘေးလွတ်ရာသို့ ရှောင်ခဲ့ရကြောင်း၊ လက်ရှိတွင် ကယ်ဆယ်ရေးများ အလွယ်တကူ မသွားရောက်နိုင်သည့် ကျေးရွာများ သောက်ရေနှင့် ရိက္ခာ အရေးပေါ်လိုအပ်နေပြီး ပိတ်မိနေသည့်သူများကို ကယ်ထုတ်ရန် လှေများလည်း လိုအပ်နေကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – လှည်းကူးကြက်ခြေနီ
လှည်းကူးမြို့၌ ရေအနည်းငယ် ပြန်ကျသော်လည်း အိမ်ထောင်စုသုံးရာခန့် နေရပ်မပြန်နိုင်သေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်