ရန်ကုန်၊ အောက်တိုဘာ ၂၂
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် အောက်တို ဘာ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီက ရေဘေးသင့်အိမ်ထောင်စု ၂၅၀၀ အတွက် ဆန်နှင့်ဆီများ လှူဒါန်းခဲ့ကြောင်း ဓမ္မပီတိနိဗ္ဗာန်ကုန် ထုတ်လုပ်ဖြန့်ချိရေးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ လှည်းကူးမြို့နယ်အတွင်းမှာရှိတဲ့ လူမျိုးဘာသာပေါင်းစုံကို အယုတ်အလတ်အမြတ်မရွေး အိမ်ထောင်စုတစ်စုကို ဆန် သုံးပြည်တစ်အိတ်။ ဆီ ငါးဆယ်ကျပ်သားတစ်ဗူးစီ လှူဒါန်းပေးခဲ့ပါတယ်။ နောက်ရက်များလည်း စေတနာရှင် အလှူရှင်တွေရဲ့ စေတနာသဒ္ဓါတရားအပေါ်မူတည်ပြီး လှူဒါန်းသွားဖို့ရှိပါတယ်” ဟု ဓမ္မပီတိနိဗ္ဗာန်ကုန် ထုတ်လုပ်ဖြန့်ချိရေးက တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ် သို့ ပြောသည်။
လှည်းကူးမြို့နယ်ရှိ ဓမ္မပီတိနိဗ္ဗာန်ကုန် ထုတ်လုပ်ဖြန့်ချိရေးက ဦးဆောင်၍ ရေဘေးသင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် တစ်ရက် ၁၀၀ ကျပ် ကောက်ခံထားသည့် “ တစ်ရက် ၁၀၀ မိသားစုများ” နှင့် ခုနစ်ရက်သားသမီးများ၊ Nan Nan Sport & Printing Service မိသားစုဝင်များက စုပေါင်းပြီး အိမ်ထောင်စုတစ်ခုလျှင် ဆန်သုံးပြည်နှင့် ဆီငါးဆယ်ကျပ် သားတို့ကို ကူပွန်စနစ်ဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အလားတူ အင်းစိန်မြို့နယ်ရှိ သံဃာတော်နှင့် သီလရှင်ဆရာလေးအပါး ၁၀၀၀ ကို အောက်တိုဘာ ၂၁ ရက်၊ နံနက် ၉ နာရီက ကြက်ခြေထောက်ပေါင်း၊ ဘိတ်ချဉ်၊ ကြက်တောင်ပံတု အကြွပ်ကြော်၊ ငရုတ်သီးအစိမ်းချက်တို့ကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း ဓမ္မပီတိနိဗ္ဗာန်ကုန် ထုတ်လုပ်ဖြန့်ချိရေးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြင့်မြတ်အောင်မြင်
လှည်းကူးမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စု ၂၅၀၀ အတွက် ဆန်နှင့်ဆီများ လှူဒါန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်