ရန်ကုန်၊ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုကြောင့် စက်ရုံ၊ အလုပ်ရုံနှင့် အထည်ချုပ်ဝန်ထမ်းများ ခွင့်တိုင်မရသဖြင့် အောက်တိုဘာ ၁၁ ရက်မှစတင်၍ အလုပ်ပြန်ဆင်းနေရကြောင်း မီလာဂါးဒင်းစက်ရုံမှ အလုပ်သမားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ဒီနေ့ထိ ရေက မကျသေးပါဘူး။ အပေါ်ပိုင်းတချို့လောက်ပဲ ရေကျတာပါ။ နေရာအများအစုတော့ ရေမကျသေးဘူး။ အောက်တိုဘာ ၈ ရက်ကစပြီးရေတက်လာတာ လှည်းကူး တစ်မြို့လုံးနီးပါးပါပဲ။ လူတိုင်းနီးပါးအသိပါပဲ။ စက်ရုံနဲ့ အလုပ်ရုံက လုပ်ငန်းရှင်တွေက ခွင့်မပေးပါဘူး။ တစ်ရက်ပျက်ရင် တစ်နေ့လုပ်အားခအတိုင်း ဖြတ်ပါတယ်။ သုံးရက်လောက် ပျက်တယ်။ သုံးရက်ခ နှုတ်ပါတယ်။ အလုပ်သမားတွေဘက်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ကူညီဆောင်ရွက်ပေးကြပါဦး။” ဟု မီလာဂါးဒင်းစက်ရုံမှ အလုပ်သမားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လှည်းကူးမြို့နယ်တွင် ရေကြီးရေလျှံဖြစ်စဥ်ကြောင့် အလုပ်သမားအများအစု ရေဘေးသင့်ဒဏ် ခံစားနေရသော်လည်း စားဝတ်နေရေးအတွက် ရေများကို ဖြတ်ကူးကာ သက်ဆိုင်ရာ စက်ရုံများသို့ လာရောက်အလုပ်ဆင်းကြရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ရုံ၊ အလုပ်ရုံနှင့် အထည်ချုပ်ဝန်ထမ်းများ ည ၈ နာရီထိုးမှ အလုပ်ဆင်းရသဖြင့် အိမ်အပြန် ရေဖြတ်ကူးရာတွင် ဒုက္ခရောက်နေကြောင်း အထည်ချုပ်စက်ရုံဝန်ထမ်း တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ မီးကလည်း မလာပါ။ အခုအခက်အခဲကို သက်ဆိုင်ရာစက်ရုံကို တင်ပြပြီး ည နေ ၄ နာရီ ၃၀ မိနစ်လောက် စောလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ စက်ရုံဘက်က မသိချင်ယောင် ဆောင်နေတယ်။ စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ ရေဘေးသင့်ဒဏ်ခံ အလုပ်သမားများကို ညပိုင်းအထိ အလုပ်မဆင်းစေသင့်ပါဘူး။ အလုပ်သမားများကို စာနာကြဖို့ တိုက်တွန်းလိုက် ပါတယ်။” ဟု အထည်ချုပ်စက်ရုံ ဝန်ထမ်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လှည်းကူးမြို့နယ်သည် စက်ရုံ၊ အလုပ်ရုံနှင့် အထည်ချုပ်ဝန်ထမ်းအများအစုနေထိုင်ရာ ဒေသဖြစ်ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း ၂၀ ကျော်အထိ ဖွင့်လှစ်ထားပြီး ရေဘေးသင့်လူဦးရေမှာ ၄၂၆၁ ဦးအထိရှိနေကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် အောက်တိုဘာ ၈ ရက်မှစတင်ပြီး မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုသည် (ယနေ့) အောက်တိုဘာ ၁၃ ရက်ထိ ရေကျသွားခြင်းမရှိသေးကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
လှည်းကူးမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံနှင့် အထည်ချုပ်ဝန်ထမ်းများ ခွင့်တိုင်မရသဖြင့် အလုပ်ပြန်ဆင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်