လှည်းကူးနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ ရက် ၂၀ ကျော် ရေမြုပ်နေသည့် ရပ်ကွက်များအတွက် သောက်သုံးရေနှင့် အစားအသောက်များ လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့အကြားရှိ ရက် ၂၀ကျော်ကြာ ရေနစ်မြှုပ်နေသည့် ရပ်ကွက် ၂၀ နီးပါးမှ လူဦးရေတစ်သောင်းကျော်အတွက် သောက်သုံးရေနှင့် အစားအသောက်များ လိုအပ်နေကြောင်း ၎င်းတို့ကိုကူညီပေးနေသည့် လူမှုကူညီရေးအသင်းများမှ ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းကာ ငမိုးရိပ်ချောင်းရေ မြင့်တက်မှုကြောင့် လှည်းကူးမြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့အကြားရှိ ရပ်ကွက် အများအပြားတွင် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာများတွင် ယနေ့အထိ ရေပြန်မကျသေးသည့် ရပ်ကွက်များရှိကာ ထိုရပ်ကွက်များတွင် နေထိုင်သူများသည် ပရဟိတအသင်းများနှင့် လူမှုကူညီရေးအသင်းများ၏ အကူအညီကို အားထားနေရကြောင်း သိရသည်။

“ရေမြုပ်နေတာ ရက် ၂၀ ကျော်ပြီဗျ။ အနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တွေဆိုရင် ရင်ခေါင်းလောက်အထိရှိတယ်။ သူတို့အဓိကလိုအပ်နေတာ သောက်ရေနဲ့ အစားအသောက်တွေလိုတယ်။ အိမ်တွေရေမြုပ်နေတော့ ချက်စားလို့မရဘူး။ ကျွန်တော်တို့အသင်းက ထမင်းထုပ်တွေ နေ့တိုင်းဝေပေးနေတယ်။ ကားလမ်းပေါ်တောင် ပေါင်လောက်ဖြစ်နေတော့ တစ်ထပ်အိမ် တွေ အကုန်မြုပ်ပြီး မြင့်တဲ့အိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ သွားပြီးစုနေကြရတယ်။” ဟု ရှင်သန်ရေး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လက်ရှိရေမြုပ်နေသည့် ရပ်ကွက်များတွင် နေထိုင်သူများအတွက် မြွေဘေးအန္တရာယ် စိုးရိမ်စရာရှိနေကြောင်းသိရပြီး၊ မြို့နယ်ဆေးရုံအတွင်း၌ပါ ရေဝင်ရောက်လျက်ရှိ၍ လူနာ များကို ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။

ယနေ့အထိ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် လှည်းကူးမြို့နယ်အကြားရှိ ၁၃၁၊ ၁၃၂၊ ၁၅၅၊ ၁၈၁၊ ၁၂၀ ရပ်ကွက်များအပါအဝင် ဒဂုံတက္ကသိုလ်အနီးတဝိုက်ရှိ ရပ်ကွက်အချို့ ရေနစ် မြုပ်နေပြီး မူလတန်းကျောင်းတစ်ကျောင်းလည်း ပိတ်ထားရကြောင်း သိရသည်။

သတင်း – အောင်သူရိန်

ဓာတ်ပုံ – နေသူရိန်လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

လှည်းကူးနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ ရက် ၂၀ ကျော် ရေမြုပ်နေသည့် ရပ်ကွက်များအတွက် သောက်သုံးရေနှင့် အစားအသောက်များ လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.