လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်မှု အောင်မြင်ခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ကို ရာထူးမှ ယာယီဆိုင်းငံမည်

ဆိုးလ်၊ ဒီဇင်ဘာ ၁၄

တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ကို စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး အတိုက်ခံပါတီများကဦးဆောင်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့တွင် လွှတ်တော်အတွင်း ဒုတိယအကြိမ်မြောက် စွပ်စွဲပြစ်တင်မှု အောင်မြင်ခဲ့ပြီး သမ္မတယွန်ဆက်ယိုလ် ရာထူးမှဆိုင်းငံ့ခံရဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄  ရက်နေ့ကပြုလုပ်ခဲ့သော သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုတွင် အတိုက်ခံပါတီများအပြင် အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များလည်း စွပ်စွဲပြစ်တင်သောအစီအစဉ်ကို ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။

သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်သော ဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးအနက် ၂၀၄ ဦးက ထောက်ခံမဲပေခဲ့ရာ စွပ်စွဲပြစ်တင်မှုအောင်မြင်ခဲ့ကြောင်း သိရ သည်။

သမ္မတကိုစွပ်စွဲပြစ်တင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံ နှစ်ပုံဖြစ်သော အနည်းဆုံး ၂၀၀ ဦး ၏ထောက်ခံမှုရရှိရန်လိုအပ်ကြောင်း သိရသည်။

လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်သောရလဒ်ကို အာဏာရပါတီ People Power Party ခေါင်းဆောင်ကလည်း လက်ခံခဲ့ကြောင်း သိရသည်။

ယွန်ဆက်ယိုလ်သည် ရာထူးမှဆိုင်းငံ့ခံရပြီးနောက် ဝန်ကြီးချုပ်ဖြစ်သူက ယာယီသမ္မတအဖြစ် တာဝန်ယူမည်ဖြစ်သည်။

ယွန်ဆက်ယိုလ်ကို ဆန့်ကျင့်သူများက လွှတ်တော်အပြင်ဘက်တွင် အောင်ပွဲခံခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လာမည့်ရက်ပိုင်းတွင် ယွန်ဆက်ယိုလ်ကို ထပ်မံစုံစမ်းစစ်ဆေးမည်ဖြစ်သည်။

တောင်ကိုရီးယား အတိုက်ခံပါတီခေါင်းဆောင် လီဂျေးမြောင်က “ ဒီနေ့ဟာ နိုင်ငံကိုပြည်သူတွေပိုင်ဆိုင်တယ်ဆိုတာ သက်သေပြခဲ့တာပါ။” ဟု ပြောသည်။

တောင်ကိုရီးယား ယာယီသမ္မတအဖြစ်တာဝန်ယူမည့် ဝန်ကြီးချုပ်ဟန်ဒက်ဆိုက နိုင်ငံကိုတည်ငြိမ်စေရန် အကောင်းဆုံးလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောသည်။

ယွန်ဆက်ယိုလ်သည် စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၊ တရားရုံးများ၏ စုံစမ်းစစ်ဆေးခြင်းများကို ခံရမည်ဖြစ်သလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

ကောင်းထက်ငွေ

bbc.com

လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်မှု အောင်မြင်ခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ကို ရာထူးမှ ယာယီဆိုင်းငံမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.