လွိုင်ကော်၌ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျည်ကျ ကိုရင်နှစ်ပါး ပျံလွန်တော်မူ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဘုန်းကြီးကျောင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကိုရင်နှစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဥတ္တရုံ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၁၉ နှစ်အရွယ် ကိုရင်နှစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ အဲ့ကျောင်းမှာ ကိုရင်နှစ်ပါးပဲကျန်ခဲ့တာ။ လွိုင်ကော်မှာ ဘယ်သူမှမနေရဲတော့ပါဘူး။ အကုန်ထွက်ကုန်ပါပြီ။ တချို့တော့ကျန်နေသေးတယ်။ လက်နက်ကြီးက နေ့တိုင်း၊ ညတိုင်း ပစ်တာ။ အိမ်တွေလည်းပျက်စီးတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ လွိုင်ကော်မြို့ပေါ်အပါအဝင် အနီးတစ်ဝိုက်ရှိ ဒေသများ၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်ခံရ ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်ခံရခြင်းများရှိ၍ ဒေသခံ ငါးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် လက်နက်ကြီးပစ်ခတ်ခံရခြင်း၊ လေကြောင်းတိုက်ခိုက်ခံရခြင်းတို့ ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၄၀ ဦးကျော် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

လွိုင်ကော်၌ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျည်ကျ ကိုရင်နှစ်ပါး ပျံလွန်တော်မူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.