ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၌ ယမန်နေ့က ဝေဟင်မှ ဗုံးများကျရောက်ပေါက်ကွဲခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ ပိုးဇာခြံရပ်ကွက်၊ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်တို့ရှိ လူနေအိမ်များပေါ်သို့ ဝေဟင်မှ ဗုံးများကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ တိုက်ပွဲမဖြစ်ဘဲ ဒရုန်းဗုံးတွေကျရောက်လို့ နေအိမ်တွေ မီးလောင်တာလို့ သိရတယ်။ ရွှေတောင်နဲ့ မင်္ဂလာရပ်ကွက်က အိမ်တချို့တော့ ကုန်သွားတယ်။ အများစုက စစ်ရှောင်နေရတော့ ဘယ်လောက်အထိလောင်တယ်ဆိုတာတော့ မသိရသေးဘူး။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
လွိုင်ကော်ရှိ နေအိမ်များမီးလောင်မှုနှင့် ပတ်သတ်၍ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNPP က ထုတ်ပြန်ရာတွင် နစကတပ်များက ဒရုန်းဖြင့် မီးလောင်ဗုံးများ၊ အဝေးပစ်မီးလောင်ဗုံးများဖြင့် လိုက်လံကြဲချတိုက်ခိုက်ခဲ့၍ မီးလောင်ရခြင်းဟု ဆိုသည်။
ထိုသို့ ထုတ်ပြန်မှုအပေါ် နစကဘက်မှ ယနေ့ညနေအထိ သတင်းထုတ်ပြန်ပြောဆိုမှု မရှိသေးပေ။
လွိုင်ကော်မြို့နှင့် အနီးဝန်းကျင် ဒေသများတွင် ယမန်နှစ်၊ နိုဝင်ဘာ ၁၁ ရက်မှစ၍ နစကတပ်များနှင့် KNPP လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ယနေ့အထိ လွိုင်ကော်မြို့ခံ သုံးသောင်းထက်မနည်းမှာ ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သုံးလကျော်ကြာတိုက်ပွဲအတွင်း ယမန်နှစ်၊ ဒီဇင်ဘာ ၁၀ ရက်က လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာစျေးမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ကာ တစ်စျေးလုံးနီးပါး ဆိုင်ခန်းများ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်နက်ကြီးကျည်ထိမှန်မှု၊ ဒရော့ဗုံးကျရောက်ပေါက်ကွဲမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့ပေါ်ရှိ လူနေအိမ်ရာချီ၍ ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – KNPP
လွိုင်ကော်၌ ဗုံးများကျရောက်ပေါက်ကွဲ၍ နေအိမ်များမီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်