လွိုင်ကော်၌ ဒေသခံသောင်းချီ အရေးပေါ် စစ်ဘေးရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ နှစ်ဖက်တိုက်ပွဲများကြောင့် ယနေ့တွင် ဒေသခံသောင်းချီ၍ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ယနေ့ နံနက်တွင် လွိုင်ကော်မြို့၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွာနေကာ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများရှိနေ၍ ဒေသခံအများအပြား ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်ရသည်ဟု သိရသည်။

“ မြို့ပေါ်ရပ်ကွက်တွေကိုပါ ပစ်ခတ်နေတော့၊ အတော်များများက ထွက်ပြေးနေရတာ။ ခန့်မှန်းချေ သောင်းဂဏန်းလောက်ရှိမယ်။ အတိအကျတော့ မသိရသေးဘူး။ မနက်ကလည်း စစ်ရှောင်တဲ့လူတွေ စီးလာတဲ့ယာဉ်တန်းကို လေကြောင်းက တိုက်ခိုက်လို့ အကုန်အသက်လုပြီး ပြေးလိုက်ရတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။” ဟု စစ်ရှောင်ကူညီသူတစ် ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုသို့ ပစ်ခတ်မှုများရှိနေ၍ စစ်ဘေးရှောင်သူများအား နံနက်အစောပိုင်း အချိန်များနှင့် တိုက်ပွဲမဖြစ်သေးသည့် အချိန်များတွင်သာ နေအိမ်များမှ ထွက်ခွာကြရန် အကြံပေးထား ကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ဆက်လက်ပြောကြားသည်။

လွိုင်ကော်မြို့ပေါ်မှ ဒေသခံများမှာ ဒီမော့ဆိုမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိသကဲ့သို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့သို့လည်း ထွက် ပြေးတိမ်းရှောင်သူများရှိကြောင်း သိရသည်။

“ ရှမ်း(တောင်) တောင်ကြီး၊ အောင်ပန်းဘက်မှာ ဒီမနက် ၂/ တွေ (ကယားပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူများ)ကို အဝင်မခံပဲ မြို့ဝင်ဂိတ်တွေကနေ ပြန်လှည့်ခိုင်းတယ်လို့ လည်း ကြားတယ်။ ညီမတို့ကတော့ ဘယ်ကိုပြေးရမလဲ မသိသေးဘူး။ အခုထိ လွိုင်ကော်မြို့ပေါ်မှာပဲ။” ဟု လွိုင်ကော်မြို့၌နေထိုင်သူ အမျိုးသမီးတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။

တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးကြသူများရှိသကဲ့သို့ မြို့တွင်းရှိ နေအိမ်များတွင် ပိတ်မိနေသူများလည်းရှိကာ ၎င်းတို့မှာ ပစ်ခတ်မှုများဖြစ်ပွားချိန်၌ ရေမြောင်းများ အတွင်းနှင့် နေအိမ်အတွင်းများထဲ၌ ပုန်းခိုရကြောင်း ဒေသခံများက ပြောသည်။

လွိုင်ကော်မြို့တွင်းရှိ နောင်ယား၊ နာနတ်တော၊ နန်းကွတ်၊ ရေယိုနှင့် လွိုင်ကော်တက္ကသိုလ် စသည့်ရပ်ကွက်များနှင့် ကျေးရွာများဘက်တွင် ယနေ့ နေ့လည်အထိ တိုက်ပွဲများ ပြင်း ထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

နိုဝင်ဘာ ၁၁ ရက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNPP အဖွဲ့က လွိုင်ကော်မြို့ကို စတင်တိုက်ခိုက်ရာမှ ယနေ့အထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခြင်းဟု ဒေသတွင်းသတင်းများအရ သိရသည်။

တိုက်ပွဲကြောင့် လွိုင်ကော်မြို့ပေါ်နှင့် အနီးတဝိုက်ဒေသများတွင် ယနေ့အထိ ထိခိုက်သေဆုံးသူ အရပ်သား ၂၀ ဦးထက်မနည်းရှိကာ ဒေသခံသောင်းချီ၍ စစ်ဘေးတိမ်းရှောင်နေရ ကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီသူများက ပြောကြားသည်။

#မောင်ဇော်

ဓာတ်ပုံ – ဒေသတွင်းစစ်ရှောင်ကူညီရေးအဖွဲ့များ

ပုံစာ – ယနေ့နံနက်တွင် လွိုင်ကော်မြို့ပေါ်မှ စစ်ဘေးတိမ်းရှောင်သူများအား တွေ့ရစဉ်

#ယနေ့ခေတ်

လွိုင်ကော်၌ ဒေသခံသောင်းချီ အရေးပေါ် စစ်ဘေးရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.