လွိုင်ကော်မြို့၌ လက်နက်ကြီးပစ်ခံရ၍ နှစ်ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့အစွန် ရပ်ကွက်များ၌ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရေးပေါ်ဆေးကု သခွင့်မရ၍ သေဆုံးခဲ့ရသူများရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၁ ရက်၊ နံနက်အစောပိုင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့၍ ထေးငှားလျားကျေးရွာသို့ လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲခဲ့ပြီး ထိမှန်ခဲ့သူများရှိခဲ့ကြောင်း သိရသည်။

“ လက်နက်ကြီးထိလို့ဆိုပြီး ဆက်သွယ်လာပေမယ့်၊ ဘယ်လိုမှသွားလို့မရဘူး၊ တိုက်ပွဲဖြစ်နေတော့လေ။ ဒီနေ့ထိ( နိုဝင်ဘာ ၁၂)ကို သွားမရသေးဘူး။ ကျည်ထိမှန်တဲ့ လူနာ ၁၅ ဦးဝန်း ကျင်ရှိတယ်လို့ကြားတယ်။ အချိန်မီဆေးမကုနိုင်လို့ သေသွားတဲ့သူနှစ်ဦးရှိတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသဖြင့် နေအိမ်တွင်း ပုန်းခိုနေချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းမှ မိသားစုသုံးဦးကိုထိမှန်ကာ တစ်နှစ်အရွယ်ကလေးငယ်တစ်ဦး နှင့် အမျိုးသားတစ်ဦးတို့မှာ ကျည်ထိမှန်ဒဏ်ရာ​အား အချိန်မီမကူသနိုင်သဖြင့် ညနေပိုင်းတွင် သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ လက်နက်ကြီးက ဆက်တိုက်ပစ်တာ နေအိမ်တွေအများကြီး ထိခိုက်ပျက်စီးတယ်၊ လူတွေလည်း ထိတာပေါ့။ သေသွားတဲ့မိသားစုမှာ အမျိုးသမီးတစ်ဦး ဒဏ်ရာနဲ့ကျန်ခဲ့တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာ ၁၁ ရက်တွင် ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ပေါ်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ၇ နှစ်သား ကလေးတစ်ဦး အပါ အဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းလေးဦး သေဆုံးခဲ့ကာ၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။

မိုးဗြဲတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပိတ်မိနေသည့် ဒေသခံများရှိနေပြီး ကူညီကယ်ဆယ်ရန်ပင် အခက်အခဲရှိနေ​ပြီး နိုဝင်ဘာ ၁၂ ရက်အထိ လက်နက်ကြီး ပစ်ခတ်နေဆဲဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့နယ်များအတွင်းမှ ဝါရီဆူး၊ ပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို၊ ချိကယ် စသည့်ကျေးရွာများရှိ နစက စခန်များ တိုက်ခိုက်ခံရသဖြင့် ထိုဒေသအနီးတစ်ဝိုက်သို့ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

လတ်တလောတွင် တိုက်ပွဲအခြေအနေများကြောင့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲနှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးများအား အသုံးပြုသွားလာခြင်းမပြုလုပ်ရန် ဒေသ တွင်း လက်နက်ကိုင်အဖွဲ့အစည်းများက သတိပေးထားသည်။

#ဂျူဂျူး

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

လွိုင်ကော်မြို့၌ လက်နက်ကြီးပစ်ခံရ၍ နှစ်ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.