ရန်ကုန်၊ နိုဝင်ဘာ ၁
ကရင်နီပြည်နယ်(ကယားပြည်)၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ရှိ ကျေးရွာနှစ်ရွာ၌ လူနေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
လွိုင်လင်မြို့ရှိ ကျေးရွာနှစ်ရွာသို့ အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကာ လူနေအိမ်များပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့၍ ကလေးငယ် သုံးဦး၊ အမျိုးသမီးတစ်ဦးနှင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးတို့ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ ဒီရက်ပိုင်း တိုက်ပွဲဖြစ်တာတော့မရှိပဲ၊ လက်နက်ကြီးကျည်တွေ လူနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲတာ။ အိမ်တွေလည်း ပျက်စီးမှုရှိတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးကုခန်းတွင် ဆေးကုသပေးလျက်ရှိကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်အပါအဝင် ဒေသအများအပြား၌ နှစ်ဖက်လက်နက်ကိုင်အဖွဲ့၏ တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲများအတွင်း လက်နက် ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိသူ ကလေးငယ်များအပါအဝင် အရပ်သားအရေအတွက် ရာချီ၍ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – ဒေသခံများ
လွိုင်ကော်မြို့နယ်၌ လူနေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်