ရန်ကုန်၊ ဇွန် ၂၆
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားရောဂါပိုးတွေ့ရှိမှုနှုန်း များပြားနေကြောင်း စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်ပေးနေသူများထံမှ သိရသည်။
မိုးရာသီကာလကို ရောက်ရှိလာပြီဖြစ်သည့်အတွက် တောတောင်ထဲများတွင် စစ်ရှောင်နေရသူများသည် ငှက်ဖျားပိုးရှိသောခြင်ကိုက်ခံရခြင်းကြောင့် ငှက်ဖျားရောဂါများ ပျံ့နှံ့နေခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“အခုလထဲ အသက်တစ်နှစ်ခွဲကလေးမှာတောင် ငှက်ဖျားဖြစ်တာတွေရှိလာတယ်။ စစ်ရှောင်နေတဲ့ စခန်းတော်တော်များများက ငှက်ဖျားဖြစ်နေတယ်။ စခန်း ၁၀ ခုရှိရင် ၈ ခုလောက်က ငှက်ဖျားဖြစ်တဲ့သူတွေရှိနေတယ်လို့ အကြမ်းဖျင်းဖြေလို့ရတယ်။” ဟု ၎င်းကဆက်ပြောသည်။
လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခု၌ ဖျားနာနေသူအယောက် ၁၀၀ ထဲတွင် ဆေးစစ်ချက်အရ အယောက် ၈၀ လောက်မှာ ငှက်ဖျားဖြစ်နေကြောင်း ဒေသခံကျန်းမာ ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ငှက်ဖျားဖြစ်ပွားမှုနှုန်းက အမြင့်တက်ဆုံးအခြေအနေမှာရှိနေတယ်လို့ ပြောလို့ရတယ်။ ကိုယ်ခံအားနည်းတဲ့သူမှာဖြစ်ရင် အခြေအနေဆိုးရွားတယ်။ အခန့်မသင့်ရင် ဦးနှောက်ထဲပိုးဝင်ပြီး သတိလစ်တဲ့အထိ၊ အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ ခြင်ကိုက်မခံရအောင် အဝတ်အထည် လက်ရှည်ဝတ်ဆင်တာ၊ ခြင်ထောင်ဖြင့်အိပ်တာ၊ ခြင်မကိုက်အောင်ဆေးလိမ်းတာ၊ အနီးပတ်ဝန်းကျင်မှာ ရေစီးရေလာကောင်းအောင်၊ ခြင်မပေါက်ဖွားနိုင်အောင် ဂရုစိုက်ဖို့လိုအပ်တယ်။” ဟု ၎င်းကဆက်ပြောသည်။
ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘော်လခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်တို့ရှိ စစ်ရှောင်စခန်းများတွင်လည်း ငှက်ဖျားရောဂါဖြစ်ပွားသူများရှိနေပြီး၊ မြေပြင်ဆရာဝန်များက နီးစပ်ရာဒေသအလိုက် ဆေးဝါးကုသပေးခြင်းနှင့် ဆေးစစ်မှုများပြုလုပ်နေကြောင်း သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
လွိုင်ကော်စစ်ရှောင်စခန်းတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု များပြားနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်