ရန်ကုန်၊ နိုဝင်ဘာ ၁၈
ယမန်နေ့က ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲအတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခရိုင်တရားရုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းတွင် ခရိုင်တရားရုံးအတွင်း နစကတပ်များနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ခရိုင်တရားရုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ခရိုင်တရားရုံး တစ်ဝက်လောက်နီးနီး မီးလောင်သွားတယ်။ နိုဝင်ဘာ ၁၆ ညထဲက ရုံးထဲမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး မနေ့က မနက်စောစောလောက်မှာ တပ်ကမိုင်းထောင်ပြီး ပြန် ထွက်သွားတယ်။ မနက်လင်းတော့ KNDF အဖွဲ့ကရောက်လာပြီး ရုံးတွေမီးရှို့တော့ မီးလောင်သွားတာ။ လက်နက်ကိုင်အဖွဲ့တွေက တရားရုံးအနီးက ဆောက်လုပ်ရေးဝန်ထမ်းအိမ် ယာက လူတွေကိုလည်း ရွေ့ ပြောင်းခိုင်းတယ်။” ဟု လွိုင်ကော်ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
နှစ်ဖက်တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ခရိုင်တရားရုံးအနီးရှိ ဆောက်လုပ်ရေးရုံး ဝန်ထမ်းအိမ်ယာအတွင်းမှ နေအိမ်တံခါးပေါက်များ ပွင့်ထွက်ခြင်း၊ မှန်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ထိုနေရာတွင် နေထိုင်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၁၁ ရက်က လွိုင်ကော်မြို့နှင့် အနီးတဝိုက်တွင် နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် လွိုင်ကော်တက္ကသိုလ်အား သိမ်းယူထားကာ မြို့အားဆက်လက်တိုက်ခိုက်နေ ကြောင်း KNDF အဖွဲ့မှ ဆိုသည်။
နစက၏ သတင်းထုတ်ပြန်ချက်တွင် လွိုင်ကော်တက္ကသိုလ်အတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားသည်ဆိုသော ဝန်ထမ်းများအား ကယ်ဆယ်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ မြို့နှင့်အနီးဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ထုတ်ပြန်ထားသည်။
နှစ်ဖက်တိုက်ပွဲကြောင့် ယနေ့ညနေအထိ လွိုင်ကော်တစ်မြို့လုံးနီးပါး မြို့အားစွန့်ခွာကာ အခြားဒေသများသို့ သွားရောက်စစ်ဘေးတိမ်းရှောင်လျက်ရှိပြီး ဒေသခံ ၅၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။
Photo – KNDF
လွိုင်ကော်ခရိုင်တရားရုံး တိုက်ပွဲကြောင့် မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်