လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို စီစဉ်နေဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖျက်ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် လျှပ်စစ်မီး ပျမ်းမျှ ၂၄၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။

“ လျှပ်စစ်မီးလုံလုံလောက်လောက်မရတဲ့အခါကျတော့ ဆီကြိတ်တဲ့အခါ အခက်အခဲရှိတယ်။ အပြည့်အဝ မကြိတ်နိုင်ဘူး။ ထုတ်လုပ်မှုစွမ်းအားလျော့ကျတာပေါ့။ ပြီးတော့ မီးစက်မောင်းပြီးဆီကြိတ်တဲ့အခါမှာလည်း ကုန်ကျစရိတ်ပိုကုန်တဲ့အတွက် ဈေးကကြီးတာပေါ့။ ဝယ်ယူသုံးစွဲတဲ့သူတွေအတွက်လည်း အဆင်မပြေဘူး။” ဟု ဆီစက်လုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၇၂၇၂ မဂ္ဂါဝပ်ရှိပြီး ၎င်း စက်များအား စွမ်းအားပြည့် မောင်းနှင်လည်ပတ်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။

ရေရှည်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံ၏အရင်းအမြစ်များဖြစ်သော ရေ၊ နေ၊ လေ တို့မှထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တောင်းပန်ထားသည်။

လက်ရှိ ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုတွင် Group A နှင့် B အဖြစ်သတ်မှတ်ထားပြီး မနက် ၅ နာရီမှ မနက် ၉ နာရီအထိ Group A ကို ဓာတ်အားပိတ်ပြီး၊ မနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ Group B ကို ဓာတ်အားပိတ်ထားကြေင်း၊ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ Group A ကို ဓာတ်အားပိတ်၍ ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ကို ဓာတ်အားပိတ်ကာ၊ ည ၉ နာရီမှ နောက်နေ့မနက် ၁ နာရီအထိ Group A ကို ဓာတ်အားပိတ်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို စီစဉ်နေဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.