လျှပ်စစ်ကားဈေးကွက်အတွင်း မော်ဒယ်အလိုက် ကားဈေးများ ကျပ်သိန်း ၂၀၀ ဝန်းကျင် ကျဆင်းလာ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်လျှပ်စစ်ကားဈေးကွက်အတွင်း ကားဈေးများ သိန်း ၂၀၀ ကျပ်ဝန်းကျင် ဈေးကျလာပြီး အရောင်းအဝယ်ဖြစ်နေသည်ဟု ကားရောင်းဝယ်သူများထံမှ သိရသည်။

EV ကားများ ဈေးနှုန်းကျဆင်းလာခြင်းမှာ နိုင်ငံခြားငွေဈေးနှုန်း ပြောင်းလဲမှုကြောင့် အဓိကဖြစ်ပြီး၊ ပိုင်းလော့ပရောဂျက်အဖြစ် ပြည်တွင်းသို့ EV ကားများ ဆက်တိုက်ဝင်ရောက်နေ ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“အများအားဖြင့် EV ကားတွေက တရုတ်ပြည်ကနေ ပြည်တွင်းကိုသွင်းလာတာ။ EV ကားတွေ ဈေးကျတာက ဒေါ်လာဈေးကျတာလဲပါတယ်။ လွန်ခဲ့တဲ့ သုံးလေးလက ဒေါ်လာဈေး က အခုဒေါ်လာပေါက်ဈေးထက်မြင့်တယ်။ နောက်တစ်ခုက EV ကားတွေက ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထားပြီး အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့အတွက် EV ကားတွေကို လ တိုင်းဆက်တိုက် သွင်းနေကြတာ။ ဈေးကတော့ သူ့မော်ဒယ်နဲ့ အမျိုးအစားလိုက်၊ ကျပ်သိန်း ၂၀၀ ဝန်းကျင်လောက် ကျသွားတယ်။ အရောင်းအဝယ်တော့ ဖြစ်ပါတယ်။ ဒီကိုသွင်း ထားတဲ့ EV ကားတွေကိုလည်း ဝယ်ကြတယ်။ လာမှာထားတဲ့ကားတွေလည်းရှိတယ်။” ဟု ရန်ကုန်မြို့ရှိ EV ကားအရောင်းပြခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ပြည်တွင်းသို့ တင်သွင်းထားသည့် EV ကားများမှာ အနည်းဆုံး ကျပ်သိန်း ၄၀၀ ဝန်းကျင်ရှိသည့် မီနီ EV ကားများအပါအဝင်၊ EV ကားများ၏ ဈေးနှုန်းမှာ အနည်းဆုံးကျပ် သိန်း ၈၀၀ မှ ကျပ်သိန်း ၄၀၀၀ ကျော်အထိရှိကြောင်း သိရသည်။

EV ကားများကို ပြည်တွင်းသို့ တရုတ်နိုင်ငံမှ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းပြီး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များမှလည်း တင်သွင်းလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ EV ယာဥ် ၁၅၅၅ စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံး မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

လျှပ်စစ်ကားဈေးကွက်အတွင်း မော်ဒယ်အလိုက် ကားဈေးများ ကျပ်သိန်း ၂၀၀ ဝန်းကျင် ကျဆင်းလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.