မော်စကို၊ ဇွန် ၁၁
ရုရှားစစ်တပ်မှအသုံးပြုနေသော Su-34 အမျိုးအစား အသံထက်မြန်သော ဗုံးကြဲလေယာဉ်သည် ပြီးခဲ့သောရက်ပိုင်းက မြောက်ကော့ကေးဆပ်အရပ်ဒေသတွင် ပျက်ကျသွားခဲ့ရာလေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါဗုံးကြဲလေယာဉ်သည် လေကျင့်မှုများလုပ်ဆောင်ချိန်အတွင်း တောင်ကြောနားတွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး နည်းစနစ်ပိုင်းချို့ယွင်းချက်များကြောင့် ပျက်ကျခဲ့ရခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
လေယာဉ်သည် ကော့ကေးဆပ်ဒေသရှိ North Ossetia အရပ်ဒေသတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး၊ ဂျော်ဂျီယာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော နေရာတွင်ဖြစ်ကြောင်း သိရသည်။
အဆိုပါဗုံးကြဲလေယာဉ်သည် ဒုံးကျည်များ၊ ပဲ့ထိန်းစနစ်ပါသော ဗုံးများတင်ဆောင်ပျံသန်းနိုင်စွမ်းရှိပြီး ဆီးရီးယားနှင့် ယူကရိန်းစစ်ပွဲများတွင် အဓိကထားအသုံးပြုခဲ့ဖူးကြောင်း သိရ သည်။
ရုရှားနိုင်ငံတောင်ပိုင်းတွင် တာဝေးပျံသန်းနိုင်စွမ်းရှိသော Tu-22M3 အမျိုးအစား ဗုံးကြဲလေယာဉ်ပျက်ကျခဲ့ပြီးနောက် နှစ်လကျော်အကြာတွင် Su-34 အမျိုးအစား ဗုံးကြဲလေယာဉ် ထပ်မံပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကလည်း Su-34 အမျိုးအစား ဗုံးကြဲလေယာဉ်ပျက်ကျခဲ့ဖူးပြီး အင်ဂျင်ချို့ယွင်းချက်ကြောင့် ပျက်ကျခဲ့ရခြင်းဖြစ်ရာ လူပေါင်း ၁၆ ဦးသေ ဆုံးခဲ့သော်လည်း လေယာဉ်မှူးနှစ်ဦး အသက်ရှင်လွှတ်မြောက်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
rferl.org
လေ့ကျင့်ပျံသန်းချိန်အတွင်း Su-34 အမျိုးအစား အသံထက်မြန်သောဗုံးကြဲလေယာဉ် ပျက်ကျဟု ရုရှားစစ်ဘက် သတင်းထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်