ရန်ကုန်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသူများစွာသည် ယမန်နေ့မှစတင်၍ နေရပ်များသို့ ပြန် နေကြကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
လောက်ကိုင်မြို့သို့ရောက်ရှိကာ အလုပ်လုပ်ကိုင်လျက်ရှိသည့် ပြည်တွင်း ဒေသအသီးသီးတွင်နေထိုင်သူ ထောင်ချီမှာ ပြီးခဲ့သည့်လက စတင်ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ပိတ်မိလျက်ရှိနေရာမှ ယမန်နေ့မှစတင်ကာ နေရပ်အသီးသီးသို့ ပြန်လျက်ရှိပြီး ယနေ့တွင်လည်း ဆက်လက်၍ နေရပ်သို့ပြန်လျက်ရှိကြောင်း သိရသည်။
“ မနေ့က မနက်ထဲက မြောက်ပိုင်းအဖွဲ့တွေက လမ်းပြန်ဖွင့်ပေးလိုက်လို့ အလုအယက်ပြန်နေကြတာ။ ဒီကထွက်ခွာသူအားလုံးက ပြည်တွင်းကနေ အလုပ်လာလုပ်ကြသူတွေ။ တိုက်ပွဲကြောင့် တစ်လနီးပါးလောက် လမ်းပိတ်သွားလို့ ဒုက္ခရောက်နေကြရတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
နေရပ်ပြန်ကြသူများတွင် ကားများ၊ ဆိုင်ကယ်များဖြင့် ပြန်ကြသူများရှိပြီး အချို့မှာ နီးစပ်ရာနေရာများသို့ လမ်းလျှောက်ပြန်သူများပါရှိကြောင်း သိရသည်။ လောက်ကိုင်မှ နေရပ် ပြန်သူ များပြားလွန်းသဖြင့် လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများပါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နေရပ်ပြန်ကြသူများမှာ လောက်ကိုင်မှ ဝဒေသ၊ နမ့်တစ်မြို့သို့ သွားလာလျက်ရှိပြီး၊ ထိုမှ လားရှိုးမြို့ဘက်သို့ ဆက်လက်သွားရောက်မည်ဖြစ်ကာ၊ လားရှိုးမှ နေရပ်ဒေသအသီးသီးသို့ ဆက်လက်ပြန်ကြမည်ဟု သိရသည်။
အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် လောက်ကိုင်မြို့တွင် စစ်ရှောင်စခန်း သုံးခုထက်မနည်း ဖွင့်လှစ်ထားကာ ဒေသခံ လေးသောင်းနီးပါး စစ်ဘေး တိမ်းရှောင်နေရကြောင်း သိရသည်။ ထို့ပြင် တိုက်ပွဲများကြောင့် လမ်းပိုင်းများ ပိတ်ဆို့သွား၍ လောက်ကိုင်ဒေသသို့ အလုပ်လာရောက်လုပ်ကိုင်သူ လူထောင်ချီမှာ မြို့တွင်း၌ပိတ် မိနေရာမှ ယမန်နေ့က လမ်းပိုင်းအချို့ ပြန်လည်ဖွင့်လှစ်ခဲ့၍ နေရပ်သို့ ပြန်နေကြခြင်းဖြစ်သည်။
လတ်တလောတွင် လက်နက်ကိုင်ပူးပေါင်းအဖွဲ့က လောက်ကိုင်မြို့ကို ဝင်သိမ်းတော့မည်ဟု ကြေညာထားပြီး၊ အဆိုပါဒေသတွင် စစ်ရေးတင်းမာလျက်ရှိနေကာ နေ့စဉ်နီးပါး တိုက် ပွဲများဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – လောက်ကိုင်ဒေသသတင်းစုံ
လောက်ကိုင်၌ပိတ်မိနေသူ ထောင်ချီ၍ နေရပ်ပြန်လျက်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်