လောက်ကိုင်မှပြန်လာသူများ လားရှိုးမြို့မှ အာမခံပေးမည့်သူရှိမှသာ မြို့ထဲသို့ဝင်ရောက်ခွင့်ရှိ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့မှပြန်လာသူ လူဦးရေထောင်ချီမှာ လားရှိုးမြို့ပြင်ရှိ တိုးဂိတ်သို့ရောက်ရှိလာကြောင်း လားရှိုး မြို့ခံများထံမှ သိရသည်။

တိုက်ပွဲများကြောင့် လောက်ကိုင်မြို့တွင် ပိတ်မိနေသူ လူထောင်ချီမှာ နိုဝင်ဘာ ၂၆ ရက်တွင် လမ်းများယာယီပွင့်သွားသဖြင့် မြို့မှနည်းလမ်းအမျိုးမျိုးဖြင့် ထွက်ခွာလာရာမှ ယမန် နေ့ ညပိုင်းက လားရှိုးမြို့ဝင်ရှိ ဟိုပိတ်တိုးဂိတ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့မှ ရောက်လာသူများမှာ ယမန်နေ့ ညက ဟိုပိတ်တိုးဂိတ်အနီးတွင် နေထိုင်ခဲ့ပြီး ယနေ့နံနက်တွင် သက်ဆိုင်ရာမှ လာရောက်စိစစ်ပြီးနောက် လားရှိုးမြို့တွင် နေထိုင်သူ တစ်ဦးဦး၏ အာမခံချက်ရရှိမှသာ မြို့တွင်းသို့ ဝင်ရောက်ခွင့်ရရှိမည့်စနစ်ကို ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

“ မနေ့ညထဲက ရောက်နေကြတာ။ ဒီမနက်ကျတော့ စိစစ်ပြီးမှပေးဝင်နေတာ။ စိစစ်တာကတော့ လားရှိုးမြို့ခံတစ်ယောက်က အာမခံပေးရတယ်။ မြို့ထဲဝင်လာမဲ့သူရဲ့ နာမည်ရယ်၊ မှတ်ပုံတင်ရယ်ကို စာရွက်မှာရေးရတယ်။ အောက်ဆုံးမှာ အာမခံတဲ့သူရဲ့ နာမည်ရယ်၊ ဖုန်းနံပတ်ရယ်၊ မှတ်ပုံတင်နံပတ်ရယ် ရေးပေးရတယ်။ အဲ့ဒါကိုစိစစ်ပြီးမှ မြို့ထဲဝင်ခိုင်းတာ ပေါ့။” ဟု လားရှိုးမြို့၌ နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုစနစ်ကို လုပ်ဆောင်သဖြင့် ယနေ့ နေ့လည်အထိ အာမခံပေးနိုင်သူ သုံးရာခန့်သာ မြို့တွင်းဝင်ခွင့်ရခဲ့ပြီး ကျန်ရှိသောလူထောင်ချီမှာ မြို့ဝင်တိုးဂိတ်အနီးတွင်သာ မြို့တွင်းဝင်ရောက် ခွင့်ရရန် စောင့်ဆိုင်းနေရကြောင်း သိရသည်။

“ မြို့ထဲဝင်မရသေးတာ လူထောင်ချီရှိတယ်။ သူတို့စားသောက်ရေးလည်း တော်တော်ခက်ခဲနေကြတယ်။ ဒီက အလှူရှင်တွေကတော့ ထမင်းတို့၊ မုန့်တို့၊ ရေတို့၊ စားသောက်စရာတွေ ကို သွားလှူပေးနေကြတယ်။” ဟု လားရှိုးမြို့ခံ ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ထိုသို့ အာမခံသူတစ်ဦးရှိမှသာ မြို့ထဲဝင်ရောက်ခွင့်ရှိသည့်စနစ်ကို လုပ်ဆောင်ထား၍ အခက်အခဲကြုံတွေ့နေရသူ များစွာရှိနေကြောင်းလည်း သိရသည်။

“ လားရှိုးမှာ အသိမရှိတဲ့သူတွေ၊ အာမခံမပေးနိုင်တဲ့သူတွေ ထောင်ချီပြီး ဒုက္ခရောက်တာပေါ့။ နေပူကြီးထဲ လမ်းပေါ်မှာ ဒီအတိုင်းနေ နေရတာ။ တချို့ဆို လောက်ကိုင်ကနေ လားရှိုး အထိ လေးရက်လောက် လမ်းလျှောက်လာတဲ့သူတွေလည်းပါတယ်။ ဒီနေ့ခင်းတော့ ဟိုပိတ်တိုးဂိတ်နားကို အရမ်းကပ်နေလို့ဆိုပြီး နောက်ဆုတ်ပြီးနေဖို့ တာဝန်ရှိသူတွေက သူတို့ ကိုလာပြောကြတယ်။ တချို့လည်း ဟိုပိတ်ရွာထဲ ခဏသွားနေတာရှိတယ်။” ဟု လားရှိုးမြို့မှ စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

လောက်ကိုင်မြို့သို့ရောက်ရှိကာ အလုပ်လုပ်ကိုင်လျက်ရှိသည့် ပြည်တွင်း ဒေသအသီးသီးတွင်နေထိုင်သူ ထောင်ချီမှာ ပြီးခဲ့သည့်လက စတင်ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ပိတ် မိလျက်ရှိနေရာမှ နိုဝင်ဘာ ၂၆ ရက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်မှ လမ်းများပြန်ဖွင့်ပေးခဲ့၍ နေရပ်အသီးသီးသို့ ပြန်လာခဲ့ကြကြောင်း သိရသည်။

နေရပ်ပြန်ကြသူများတွင် ကားများ၊ ဆိုင်ကယ်များဖြင့်ပြန်ကြသူများရှိပြီး အချို့ မှာ နီးစပ်ရာနေရာများသို့ လမ်းလျှောက်ပြန်သူများပါရှိကြောင်း သိရသည်။ လောက်ကိုင်မှ နေရပ် ပြန်သူ များပြားလွန်းသဖြင့် လမ်းတလျှောက် ယာဉ်ကြောပိတ်ဆို့မှုများပါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နေရပ်ပြန်ကြသူများမှာ လောက်ကိုင်မှ ဝဒေသ၊ နမ့်တစ်မြို့၊ ထိုမှ လားရှိုးမြို့ဘက်သို့ ဆက်လက်လာရောက်ကြခြင်းဖြစ်ကာ လားရှိုးမှတစ်ဆင့် နေရပ်ဒေသအသီးသီးသို့ ဆက်လက် ပြန်ကြမည်ဟု သိရသည်။

လားရှိုးမြို့နှင့် အနီးတဝိုက်၌လည်း တစ်လကျော်ကြာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံငါးထောင်နီးပါးမှာ လားရှိုးမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းများတွင် နေထိုင်လျက်ရှိနေကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ၊ သိန်းမင်းထွန်း

#ယနေ့ခေတ်

လောက်ကိုင်မှပြန်လာသူများ လားရှိုးမြို့မှ အာမခံပေးမည့်သူရှိမှသာ မြို့ထဲသို့ဝင်ရောက်ခွင့်ရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.