ရန်ကုန်၊ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် နှစ်ဘက်တိုက်ပွဲများကြောင့် ပိတ်မိနေသည့် စစ်ဘေးရှောင်ဒုက္ခသည်များ ဆန်နှင့် ဆီ အပါအဝင် အခြေခံကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် အခက်အခဲဖြစ်ပေါ်နေကြောင်း လောက်ကိုင်မြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ အခုလို နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဘေးရှောင်တွေ ဒီလိုပိတ်မိနေချိန်မှာ အခြေခံစားသောက်ကုန်တွေလည်း အဆမတန်ဈေးတက်နေတဲ့အပြင် ဝယ်လို့မရတဲ့အထိ ပါဖြစ်နေတယ်။ ဒါ့အပြင် ဆန်နဲ့ ဆီတွေဆိုလည်း ဝယ်လို့ကိုမရတော့ပါဘူး။ အခုက ပိုက်ဆံရှိရင်တောင် ထမင်းမစားရဘူးဖြစ်နေတယ်။” ဟု လောက်ကိုင်မြို့နယ်မှ စစ်ဘေးရှောင် တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လောက်ကိုင်မြို့နယ်တွင် ဆန်နှင့် ဆီများ ပြတ်တောက်သည့်အထိ ဖြစ်ပေါ်နေခဲ့ပြီး အစားထိုးအနေဖြင့် ခေါက်ဆွဲခြောက်၊ ပေါင်မုန့်နှင့် ကိတ်မုန့်များသာ ဝယ်ယူစားသုံးနေရကြောင်း၊ သို့ရာတွင် (ယနေ့) နိုဝင်ဘာ ၂၂ ရက်မှစတင်ပြီး အဆိုပါစားသောက်ကုန်များလည်း ဝယ်ယူ၍မရရှိတော့ကြောင်း လောက်ကိုင်မြို့ နယ်မှ စစ်ဘေးရှောင်ပြည်သူများ၏ ပြောဆိုချက် အရ သိရသည်။
လက်ရှိ အချို့သောအခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးသည့် အရောင်းဆိုင်များက လက်ကျန် ဆန်တစ်ပြည်လျှင် ကျပ်လေးသောင်း၊ ကြက်ဥတစ်လုံး ကျပ်နှစ်ထောင် ကျော်ဖြင့် ရောင်းချပေးကြောင်း သိရသည်။
လောက်ကိုင်မြို့နယ်ရှိ ထမင်းဆိုင်များတွင် ယခင်က ထမင်းတစ်ပွဲ ကျပ် ၂၅၀၀ ဖြစ်ပြီး၊ အချို့သောထမင်းဆိုင်တွင် တရုတ်ငွေ ငါးယွမ်နှင့် ရောင်းပေးလျက်ရှိရာမှ လက်ရှိ ထမင်း တစ်ဘူးကို မြန်မာငွေ ကျပ်တစ်သောင်း (တရုတ်ယွမ် ၂၀) ပေးဝယ်ယူနေရကြောင်း သိရသည်။
လောက်ကိုင်မြို့နယ်တွင် ယခု နိုဝင်ဘာ ၁၃ ရက်မှစတင်ပြီး လျှပ်စစ်မီးမရသည့်အပြင် ကိုယ်ပိုင်မီးစက်များဖြင့် သုံးနေရခြင်းဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်များလည်း ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး၊ ဈေးအဆမတန် မြင့်တက်လာခြင်းကြောင့် စစ်ဘေးရှောင်အချို့၌ ထမင်းမစားရသူများလည်း ရှိလာခဲ့ကြောင်း သိရသည်။
လောက်ကိုင်မြို့တွင် အခြေခံကုန်စျေးနှုန်း အဆမတန်မြင့်တက်လာ၍ စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်