လောက်ကိုင်နှင့် ကုန်းကြမ်းမြို့တို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်အုပ်ချုပ်ရေးကြေညာထားသော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့နှင့် ကုန်းကြမ်းမြို့တို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်အား ယမန်နေ့က ဒေသအာဏာပိုင်အဖွဲ့က ကြေညာခဲ့ကြောင်း သိရသည်။

လောက်ကိုင်နှင့် ကုန်းကြမ်းမြို့တို့တွင် လုံခြုံရေးတာဝန်ရှိသူများမှအပ မည်သူမျှ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း လမ်းများပေါ်၌သွားလာခြင်းမပြုရန်၊ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း လူငါးဦးနှင့် ငါးဦးထက်ပို၍ မစုဝေးရန်၊ တုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေသောအရာများ ကိုင်ဆောင်ခြင်း မပြုရန်၊ လမ်းများပေါ်၌ အတားအဆီးများပြုလုပ်၍ ပိတ်ဆို့ခြင်းနှင့် လူစု၊ လူဝေးပြုလုပ်၍ ပိတ်ဆို့ခြင်းများ မပြုလုပ်ရန်နှင့် အထက်ပါညွှန်ကြားချက်ကို မလိုက်နာပါက အင်အားသုံး၍ ဖမ်းဆီးမည်ဟု ကြေညာချက်အရ သိရသည်။

လက်ရှိတွင် လောက်ကိုင်မြို့အနီး၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကာ ဒေသခံတစ်သောင်းကျော်မှာ စစ်ရှောင်စခန်းတွင် နေထိုင်နေရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ သိန်းနီမြို့နယ်၊ လောက် ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့အား နိုဝင်ဘာ ၁၂ ရက်တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – Kokangnews

ပုံစာ – လောက်ကိုင်မြို့နယ်ရှိ စစ်ရှောင်များအား တွေ့ရစဉ်

#ယနေ့ခေတ်

လောက်ကိုင်နှင့် ကုန်းကြမ်းမြို့တို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.