ရန်ကုန်၊ ဧပြီ ၁၀
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်းအားလျော့သွားနိုင်ပြီး ယင်းအရှိန်ကြောင့် ဒေသအချို့မိုးကြီးပြီး မြေပြိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ဧပြီ ၁၂ ရက်မှ ၁၄ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း ၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်ပြည်နယ်၊ ရခိုင်နှင့် ရှမ်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
“ အချိန်အခါမဟုတ် မိုးရွာတာဖြစ်သလို လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်လည်း မိုးရွာတာပေါ့။ ပြီးတော့ အပူချိန်မြင့်တဲ့အချိန်မှာ မိုးရွာတာဆိုတော့ ပိုပြီးဂရုစိုက်သင့်တယ်။ မြေပြိုတာတွေဖြစ်နိုင်တယ်။ အဲဒါအရေးကြီးဆုံးပဲ” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစ သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်း ကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုး/ဇလက အကြံပြုထားသည်။
သတင်း- #စုစု
ဓာတ်ပုံ- ခင်မောင်ဝင်း (ရွှေအင်းသား)
ပုံစာ- ဧပြီ ၄ ရက်နေ့က ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။
လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဒေသအချို့မိုးကြီးပြီး မြေပြိုနိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်