လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမြို့မှ စစ်ဘေးရှောင်များအတွက် အမိုးအကာများလိုအပ်နေ

ရန်ကုန်၊ မေ ၆

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်နေအိမ်များအတွက် အမိုးအကာများလိုအပ်နေကြောင်း စစ်ဘေးရှောင်များကိုကူညီနေသူများထံမှ သိရသည်။

ဖရူဆိုမြို့နယ်တွင် မေ ၂ ရက်၊ ည ၇ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းများရှိ နေအိမ် ၄၀ ကျော်ပျက်စီးခဲ့ပြီး၊ ယခုအခါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်များ၏နေအိမ်များအတွက် အမိုးအကာများလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။

“ အရေးပေါ်လိုနေတာပါ့နော်။ မိုးရွာတော့မယ့်အချိန် ရောက်လာပြီလေ။ အလှူရှင်တွေ လှူတာတွေရှိတယ်။ လှူတာနဲ့လိုအပ်ချက် မမျှဖြစ်နေတယ်။ ပျက်စီးသွားတဲ့ အမိုးအကာတွေကလည်း အရင်လို ချက်ချင်းဝယ်လို့မရဘူး။ လိုအပ်တဲ့အမိုးအကာတွေကိုလည်း လမ်းကြောင်းနဲ့ တိုက်ပွဲတွေအခြေအနေကြောင့် ဝယ်မရတာတွေရှိတယ်။” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

အဆိုပါ နေအိမ်များပျက်စီးသွားသည့် စစ်ဘေးရှောင်များသည် နီးစပ်ရာ အခြားစစ်ဘေးရှောင်နေအိမ်များတွင် ခိုကပ်နေရကာ၊ အချို့မှာပျက်စီးသွားသည့် အမိုးအကာအပိုင်းပြတ်များကို ပြန်လည်အသုံးပြုပြီး နေထိုင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံတိုင်းနှင့် ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးများကြွေကျခြင်းများကြောင်း စစ်ဘေး‌ရှောင်စခန်းများရှိ နေအိမ်အချို့ ပျက်စီးဆုံးရှုံး မှုများရှိခဲ့ပြီး အမိုးအကာများလိုအပ်နေကြောင်း စစ်ဘေး‌ရှောင်များကို ကူညီနေသူများထံမှ သိရသည်။

ခန့်ခန့်

ဓာတ်ပုံ – ဖရူဆိုမြို့နယ်အနောက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီ

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမြို့မှ စစ်ဘေးရှောင်များအတွက် အမိုးအကာများလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.