ရန်ကုန်၊ စက်တင်ဘာ ၁၃
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အကျုံးဝင်အာမခံ အလုပ်သမားများအနေဖြင့် ၎င်းတို့ဆေးရုံတက်ပါက အာမခံငွေကြေး ကြိုတင်ပေးသွင်းရကြောင်း၊ အာမခံငွေကို နောင်မှ ပြန်လည်ထုတ်ပေးကြောင်း အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား ၈၉၀,၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမား ဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၂၂ ခန်း၊ ဌာနကြီးဆေးခန်း ၁၈ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်း၊ စာချုပ်ဆေးခန်း ၃၀၊ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်သည့် ဆေးခန်း ၁၀ ခန်း ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။
“လူမှုဖူလုံရေးကြေးကတော့ လစာထဲက လတိုင်းမသွင်းမနေရ သွင်းနေရတာပါပဲ။ တကယ့်တကယ်ကျတော့ လူမှုဖူလုံရေးဆေးခန်းတွေမှာ ဆရာဝန်ပြဖို့ကိုတောင် အတော်စောင့်ရ တယ်။ ဆေးခန်းတစ်ခါပြရင် ဆရာဝန်လည်း အလုံအလောက်မရှိတော့ အချိန်အတော်စောင့်ပြီးပြရတယ်။ ဆေးရုံတက်ရင်တော့ အရင်အစိုးရတုန်းကတော့ ကျွန်မဆေးရုံတက်ခဲ့ ရတာ အလကားနီးပါးပဲ။ အခုနောက်ပိုင်း ဆေးရုံတက်ရတဲ့သူတွေကျတော့ စရိတ်စိုက်ထုတ်ရတာ များလာတယ်။ အပြင်ဆေးရုံတွေလို အာမခံတင်ခိုင်းတာ။ သိန်းနဲ့ချီတယ်။ အဲ့ဒီ ပိုက်ဆံတွေကလည်း ပြန်ထုတ်ပေးတယ်ဆိုပေမယ့် အကြာကြီးစောင့်ရတယ်။ အပြင် ထက်သက်သာတယ်ဆိုပေမယ့် ဆေးရုံတက်မယ်ဆို ငွေကရှာရတာပဲ” ဟု အလုပ်သမား တစ်ဦးကပြောသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက် လွယ်ကူစေရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာ ချုပ်ချုပ်ဆိုပြီး ယခုအခါ Fee For Service Payment ဆေးခန်း ၂၀၊ Capitation Payment ဆေးခန်း ၂၆ ခန်းနှင့် မီးဖွားမှုဝန်ဆောင်မှု ဆေးခန်း ၁၂ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင် မှုကို တိုးချဲ့ဆောင်ရွက်ပေးနေကြောင်း သိရသည်။
စုစု
ဓာတ်ပုံ-အင်တာနက်
လူမှုဖူလုံရေးအာမခံ အလုပ်သမားများ ဆေးရုံတက်ပါက ငွေကြိုတင်ပေးရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်