ရန်ကုန်၊ မတ် ၁၆
လူမှုကွန်ရက် စာမျက်နှာထက်တွင် ဆက်သွယ်ရေးကွန်ရက်အားအသုံးပြုပြီး ရုပ်ရှင်ဇာတ်ကား ထုတ်လွှင့်ပြသခြင်း လုပ်ကိုင်သူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၁၅ ရက်၊ နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီးတော့ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လွှင့်ပြသသူများအနေနဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)အရ ရုပ်ရှင်ကားထုတ်လုပ်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို တင်ရပါမယ်။” ဟု ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါအမိန့်ပါ အခန်း(၂)အရ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို သက်ဆိုင်ရာတိုင်း (သို့မဟုတ်) ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
လူမှုကွန်ရက်စာမျက်နှာထက်တွင် ဆက်သွယ်ရေးကွန်ရက်အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး မှတ်ပုံတင်လက်မှတ်များကို တစ်နှစ်သက်တမ်းဖြင့် ခွင့်ပြုသွားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
အမိန့်ကြေညာစာထုတ်ပြန်ပြီး တစ်လပြည့်မြောက်သည့်နေ့ကစပြီး လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ပါက ဥပဒေအရ အရေးယူခံရမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ-Cj
လူမှုကွန်ရက်ပေါ်တွင် ရုပ်ရှင်ဇာတ်ကားများ ထုတ်လွှင့်ပြသလိုသူများ မှတ်ပုံတင်ရမည်ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်