လူမြင်ကွင်းတွင် သေဒဏ်ပေးသည့်အတွက် တာလီဘန်အစိုးရကို ကုလသမဂ္ဂပြစ်တင်

ကာဘူး၊ ဖေဖော်ဝါရီ ၂၉

အာဖန်ဂန်နစ္စတန်နိုင်ငံတွင် သေဒဏ်ချမှတ်ခံရသူများကို လူမြင်ကွင်းတွင်ကွပ်မျက်ခြင်းကို ပြစ်တင်ရှုတ်ချကြောင်း၊ အဆိုပါသေဒဏ်ပေးစနစ်ကို အဆုံးသတ်စေလိုကြောင်း ကုလ သမဂ္ဂက တိုက်တွန်းပြောဆိုလိုက်သည်။

အာဖနဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေသည့် တာလီဘန်အစိုးရသည် ပြီးခဲ့သောသီတင်းပတ်အတွင်း လူသုံးဦးကို လူမြင်ကွင်းတွင်ကွပ်မျက်ခဲ့ရာ အငြင်းပွားမှုအရှိန် မြင့်တက်လာခဲ့ကြောင်း သိရသည်။

အာဖန်ဂန်နစ္စတန် တရားသူကြီးသည် အဆိုပါအရပ်သားသုံးဦးကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် လူမြင်ကွင်းတွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာလူအခွင့်ရေးအဖွဲ့စည်းများက သေဒဏ်အပြစ်ပေးသောစနစ်ကို ဖျက်သိမ်းရန် တောင်းဆိုနေသော်လည်း တရုတ်နှင့် အမေရိကန်အပါအဝင် နိုင်ငံတကာတွင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း သိရသည်။

အာဖန်ဂန် ကုလသမဂ္ဂလူအခွင့်ရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဂျရေမီ လောရမ့်က “ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ အာဖန်ဂန်နစ္စတန်နိုင်ငံရှိ ဘောလုံးကွင်းထဲမှာ လူသုံးဦးကို လူအများအပြားရှေ့မှာ ကွပ်မျက်ခဲ့တယ်။ လူမြင်ကွင်းမှာ ကွပ်မျက်တဲ့စနစ်ဟာ ရက်စက်လွန်းတယ်။ အဲဒီကွပ်မျက်ခြင်းဟာ သဘာဝမကျဘူးလို့ထင်မိပါတယ်။” ဟုပြောသည်။

အဆိုပါလူသုံးဦးကို လူမြင်ကွင်းတွင် ကွပ်မျက်ရာမှာ မိသားစုဝင်များရှေ့တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် သေဒဏ်အပြစ်ပေးသည့်စနစ်ကို ကျင့်သုံးနေသည့် အမေရိကန်နိုင်ငံကလည်း တာလီဘန်အစိုးရအဖွဲ့က အာဖန်ဂန်နစ္စတန်နိုင်ငံတွင် သေဒဏ်ပေးသည့်စနစ် ကျင့်သုံးနေခြင်းကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

တာလီဘန်သည် လက်ရှိအချိန်တွင် အာဖန်ဂန်နစ္စတန်နိုင်ငံကို ပြန်လည်အုပ်ချုပ်နေသော်လည်း ကုလသမဂ္ဂအဖွဲ့ နှင့် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများက အစိုးရ အဖြစ် တရားဝင်အသိမှတ်ပြုပေးခြင်း မရှိကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net/News

လူမြင်ကွင်းတွင် သေဒဏ်ပေးသည့်အတွက် တာလီဘန်အစိုးရကို ကုလသမဂ္ဂပြစ်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.