အက်စ်တာနာ၊ ဒီဇင်ဘာ ၂၇
ကာဇက်စတန်နိုင်ငံတွင် ပျက်ကျသွားခဲ့သော အဇာဘိုင်ဂျန်လေကြောင်းလိုင်းကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ J2-8243 အမျိုးအစား ခရီးသည်တင်လေယာဉ်သည် ရုရှားနိုင်ငံသို့ ဦးတည်ပျံသန်းချိန်အတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့က ကာဇက်စတန်နိုင်ငံတွင် ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက်မှ အနည်းဆုံးလူပေါင်း ၃၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ခရီးသည်တင်လေယာဉ်ကို စုံစမ်းစစ်ဆေးခဲ့သော ကာဇက်စတန် စုံစမ်းရေးအရာရှိများက လေယာဉ်သည် ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်၏ ပစ်ချခံရခြင်းဖြစ်ကြောင်းဆိုသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသော်လည်း ရုရှားဘက်က တစုံတရာတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါခရီးသည်တင်လေယာဉ်သည် အဇာဘိုင်ဂျန်မြို့တော် ဘာကူမြို့မှ ရုရှားနိုင်ငံ ချေချင်းညာဒေသရှိ ဂရိုနီဒေသသို့ ပျံသန်းချိန်အတွင်း ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားလေကြောင်းစောင့်ကြည့်ရေးအဖွဲ့က ခရီးသည်လေယာဉ်သည် ငှက်ဖြင့်တိုက်မိခဲ့ခြင်းကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ဖွယ်ရှိနေသည်ဟု အစောပိုင်းကပြောဆိုခဲ့သည်။
အဇာဘိုင်ဂျန် စုံစမ်းစစ်ရေးအဖွဲ့နှင့်နီးစပ်သူများက ခရီးသည်လေယာဉ်သည် ရုရှားနိုင်ငံထုတ် Pantsir-S အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
အဇာဘိုင်ဂျန် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်နီးစပ်သူက “ ဒါဟာ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်ခဲ့တာမျိုးလို့ ပြောလို့မရဘူး။ ခိုင်လုံတဲ့အချက်လက်တွေအရတော့ ဖြစ်နိုင်ချေများနေပြီး တာဝန်ယူခြင်း၊ တာဝန်ခံခြင်းရှိစေလိုတယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com
လူပေါင်း ၃၈ ဦးသေဆုံးခဲ့သော အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ်ကို ရုရှားပစ်ချခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်