ရုရှားစစ်လေယာဉ်တစ်စီးသည် မတ်လ ၁၂ ရက်နေ့က လေယာဉ်ကွင်းမှ ပျံတက်ပြီးနောက် မကြာမီပျက်ကျသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ကုန်စည်ပစ္စည်းများတင်ဆောင်ထားသည့် စစ်ဘက်သုံးလေယာဉ်ပေါ်တွင် လူပေါင်း ၁၅ ဦး လိုက်ပါသွားခဲ့ပြီး ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့မှ ၂၀၀ ကီလိုမီတာအကွာတွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Ilyushin-76 အမည်ရှိ စစ်ဘက်သုံးလေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်အင်ဂျင် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ Ilyushin-76 လေယာဉ်ဟာ အိုင်ဗာနိုဗိုဒေသမှာ ပျက်ကျခဲ့တာပါ။ စီစဉ်ထားတဲ့အတိုင်း ပျံတက်ခဲ့ပြီးနောက် ပျက်ကျခဲ့တာပါ၊ အဲဒီစစ်လေယာဉ်အပေါ်မှာအမှုထမ်း ၈ ဦးနဲ့ ခရီးသည် ၇ ဦးလိုက်ပါသွားခဲ့တယ်။” ဟု ပြောသည်။
ရုရှားစစ်ဘက်သည် လေယာဉ်ပျက်ကျခဲ့သောနေရာသို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို စေလွှတ်ခဲ့ပြီး လေယာဉ်အင်ဂျင် မီးလောင်ပျက်ကျခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။
ရုရှားသည် ယူကရိန်းနှင့်စစ်ပွဲခဲ့ပြီးနောက်ပိုင်း နှစ်နှစ်ကျော်အတွင်း ယူကရိန်းပိုင်နက်အတွင်းသို့ စစ်လက်နက်ပစ္စည်းများ၊ တပ်ဖွဲ့ဝင်များကို စစ်လေယာဉ်များအဓိကထားအသုံးပြုကာ ပို့ဆောင်ပေးလျက်ရှိနေကြောင်း သိရသည်။
ရုရှားစစ်တပ်သည် အဆိုပါလေယာဉ်ပေါ်တွင် လိုက်ပါသွားသူများနှင့်ပတ်သက်ပြီး အသေးစိတ်အခြေနေကို သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ သို့သော်လည်း လိုက်ပါသွားသူအားလုံး သေဆုံးဖွယ်ရှိနေသည်ဟု သတင်းများလည်းထွက်ပေါ်နေသည်။
ပြီးခဲ့သော ဇန်နဝါရီလကတည်း ယူကရိန်းနှင့် ရုရှားနယ်စပ်ဒေသအနီးတွင် Il-76 အမျိုးအစား စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး အငြင်းပွားမှုများဖြစ်လာခဲ့ကြောင်း သိရသည်။
ရုရှားအစိုးရက အဆိုပါလေယာဉ်ပေါ်တွင် ယူကရိန်းသုံပန်းများကို ခေါ်ဆောင်လာခဲ့ပြီး ယူကရိန်းစစ်တပ်က ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲက နှစ်နှစ်ကျော်ကြာလာခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမျိုးမရှိကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
လူပေါင်း ၁၅ ဦးလိုက်ပါသွားသော ရုရှားစစ်လေယာဉ်တစ်စီး ပျက်ကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်