လူပေါင်း ၁၄၀ ကျော်သေဆုံးခဲ့သော ပစ်ခတ်မှုတွင်ပါဝင်သူအားလုံးကို အပြစ်ပေးမည်ဟု ရုရှားသမ္မတပူတင် ဆို

မော်စကို၊ မတ် ၂၄

မော်စကိုမြို့တွင် ဂီတပွဲတော်ကျင်းပသည့်ခန်းမ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ပါဝင်ပတ်သက်သူအားလုံးကို အပြစ်ပေးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မော်စကိုမြို့ရှိ Crocus City Hall ခန်းမတွင် မတ်လ ၂၃ ရက်နေ့က သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ သေဆုံးသူလူပေါင်း ၁၄၃ ဦးအထိမြင့်တက်လာခဲ့ပြီး အနည်းဆုံးလူပေါင်း ၁၂၀ ကျော်ဒဏ်ရာရခဲ့ပြီးနောက် ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မတ်လ ၂၄ ရက်နေ့ကို နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်း ရုရှားသမ္မတပူတင်က ကြေညာခဲ့သည်။

ရုရှားနိုင်ငံအတွင်း ထပ်မံပြီးအကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပွားအောင်တားဆီးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောသည်။

ရုရှားသမ္မတက ပစ်ခတ်မှုတွင် တိုက်ရိုက်ပါဝင်ကျူးလွန်သူ ၄ ဦးအပါအဝင် နောက်ကွယ်မှပါဝင်ခဲ့သူ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးထားကြောင်း ဆိုသည်။

၎င်းတို့သည် ပစ်ခတ်မှုကျူးလွန်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးရန်ကြိုးပမ်းချိန်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယူကရိန်းကတော့ အဆိုပါတိုက်ခိုက်မှုတွင် ပါဝင်ဆက်နွယ်ခြင်းမျိုးမရှိကြောင်း ဝန်ခံပြောဆိုထားသည်။

သမ္မတပူတင်က “ အဲဒီ မော်စကိုမြို့ ဂီတပွဲတော်ကျင်းပရာ ခန်းမအတွင်းဖြစ်ပွားခဲ့တဲ့ လူပေါင်းရာချီသေဆုံးစေတဲ့ တိုက်ခိုက်မှုအားလုံးကို ကျူးလွန်ခဲ့သူတွေနဲ့ နောက်ကွယ်က ကြိုး ကိုင်ခိုင်းစေခဲ့သူအားလုံးကို အပြစ်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီသူတွေ ခိုင်းစေညွှန်ကြားခဲ့သူတွေ ဘယ်သူတွေဖြစ်ဖြစ်၊ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ လုပ်ဆောင်မယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ကွယ်က လူအားလုံးကို ဖော်ထုတ်သွားမှာဖြစ်ပြီး အရေးယူဆောင်ရွက်သွားမယ်။” ဟု ပြောသည်။သေ

နတ်သမားများသည် ဂီတပွဲကျင်းပနေရာ အဆောက်အဦးကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး လူပေါင်း ၇၅၀၀ ရှိနေသည့်ခန်းမကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့က ဝန်ခံပြောဆိုထားသော်လည်း ရုရှားအစိုးရက ယူကရိန်းနိုင်ငံကို သံသယရှိနေဆဲဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

reuters.com/world

လူပေါင်း ၁၄၀ ကျော်သေဆုံးခဲ့သော ပစ်ခတ်မှုတွင်ပါဝင်သူအားလုံးကို အပြစ်ပေးမည်ဟု ရုရှားသမ္မတပူတင် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.