ရန်ကုန်၊ နိုဝင်ဘာ ၃၀
ရှုခင်းသာမြို့ပတ်လမ်း၊ လူနေရပ်ကွက်အနီးတွင် အမှိုက်ပုံပြုလုပ်ထားခြင်းကြောင့် ပြင်းထန်သည့်အနံ့ဆိုးများ ထွက်ရှိနေသဖြင့် ရွှေ့ပြောင်းပေးရန်အတွက် ရပ်ကွက်နေပြည်သူ (၁၅၀) ကျော်က ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီထံ အကြောင်းကြားခဲ့သော်လည်း ယနေ့အထိ အကြောင်းမထူးသေးကြောင်း ဒေသခံများက ပြောသည်။
“ရာသီဥတုပူပြင်းလာရင် အနံ့အသက်က ပိုပိုဆိုးလာတယ်။ အများပြည်သူကျန်းမာရေးအတွက်လည်း ကန့်ကွက်တယ်။ အမှိုက်ပုံက ရပ်ကွက်နဲ့လည်း ကပ်နေတယ်။” ဟု ရပ်ကွက် နေပြည်သူတစ်ဦးဖြစ်သည့် ဦးလှသန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်း၊ ကွင်းအမှတ် ၁၉၀ လ၊ ဦးပိုင်အမှတ် ၆၆/၃ ရှိ မြေဧရိယာ ၉ ဧကအနက် ၄ ဧကကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အမှိုက်ပုံအဖြစ် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“၁၉၉၅ ကနေ ယနေ့အထိ နေထိုင်နေတာပါ။ အမှိုက်ပုံက ကြာပါပြီ။ အမှိုက်ပုံကို ထပ်ပြီးတိုးချဲ့မယ်ဆိုတဲ့အပြင် အခုဆိုရင် အနံ့အသက်တွေကြောင့် ရပ်ကွက်သူ/ရပ်ကွက်သားတွေ က အမှိုက်ထပ်မပုံဖို့ပါ တင်ပြထားတယ်။”ဟု ၎င်းဆက်ပြောသည်။
လွန်ခဲ့သည့် နှစ်လလောက်ကတည်းက အမှိုက်ပုံမှထွက်ရှိသည့် အနံ့ဆိုးများက အနီးဝန်းကျင်ရှိ ရပ်ကွက်များထဲသို့ ပြန့်နှံ့လာသဖြင့် ဒေသခံများ၏ ကျန်းမာရေး၊ မီးဘေး အစရှိသည့် ပြဿနာများ ကြုံတွေ့လာနိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူက လက်ရှိအခြေအနေအပေါ် ရှင်းပြသည်။
“အမှိုက်ပုံကြောင့် ရပ်ကွက်နေပြည်သူတွေရဲ့ ကျန်းမာရေး၊ နောက်ပြီး အမှိုက်ပုံက မတော်တဆ မီးထလောင်ရင်လည်း ပြဿနာဖြစ်လာနိုင်လို့ ရပ်မိရပ်ဖတွေနဲ့ ရပ်ကွက်နေပြည်သူ တွေရဲ့ သဘောတူညီချက်တွေအတိုင်း သက်ဆိုင်ရာကို စာတင်တာတွေ လုပ်ထားတယ်။”ဟု ခနောင်တိုအရှေ့ရပ်ကွက်၊ အုပ်ချုပ်ရေးမှုးဖြစ်သူ ဦးသက်မြင့်ဝင်းက ပြောသည်။
ရန်ကုန်စည်ပင်က အမှိုက်ပုံပြုလုပ်ထားသည့် မြေနေရာအပါအဝင် ဆက်စပ်မြေ ၉ ဧကသည် အိမ်ယာစီမံကိန်းပြုလုပ်မည်ဆိုသည့် အကြောင်းပြချက်ဖြင့် ၁၉၉၀ ခုနှစ်ကတည်းက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိမ်းယူထားသည့် မြေများဖြစ်ကြောင်း သိရသည်။
သိမ်းယူစဉ်အချိန်က ဒေသခံလယ်သမားများကို မြေယာလျော်ကြေးတစ်စုံတစ်ရာ ပေးအပ်ခဲ့ခြင်းမရှိသလို နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်လာသည့်တိုင် ယနေ့အချိန်ထိ မူလရည်ရွယ် ချက်ဖြစ်သည့် အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။
ယခုအခါ ပလပ်မြေအဖြစ် ကျန်ရှိနေဆဲဖြစ်ခြင်းကြောင့် မြေသိမ်းဥပဒေ၊ သိမ်းဆည်းခံ လယ်ယာမြေဥပဒေ စသည့်ပြဋ္ဌာန်းထားချက်များနှင့်အညီ မူလပိုင်ရှင်ဖြစ်သည့် လယ်သမား များက ၎င်းတို့ပိုင်ဆိုင်သည့် လယ်ယာမြေများကို ပြန်လည်ပေးအပ်ရန် လယ်ယာမြေစီစစ်ရေးကော်မတီထံ တင်ပြထားကြောင်း သိရသည်။
“သိမ်းဆည်းခံ လယ်သမားတစ်ယောက်အနေနဲ့ နစ်နာမှုကို တရားဝင်တောင်းဆိုထားတယ်။ အမှုမပြတ်သေးတဲ့မြေကို မြို့တော်ဝန်က သူစီမံခန့်ခွဲခွင့်ရှိတဲ့မြေဆိုပြီးတော့ နိုင်လိုမင်း ထက် ပြုကျင့်နေတာကို ပြည်သူတစ်ယောက်အနေနဲ့ လုံး၀လက်မခံပါဘူး။” ဟု လယ်သမားဖြစ်သူ ဦးမင်းမင်းက ပြောသည်။
သိမ်းဆည်းခံ လယ်မြေပေါ်တွင် ယခုကဲ့သို့ မြို့တော်စည်ပင်၏ ဆောင်ရွက်ချက်များသည် ပြည်သူများကို အနိုင်အထက်ပြုကျင့်သလို ဖြစ်နေသည့်အတွက် လယ်ယာမြေဥပဒေနှင့် အညီ တရားနည်းလမ်းတကျ ဆောင်ရွက်ပေးရန် လယ်သမားများမှ တောင်းဆိုထားကြောင်း သိရသည်။
“၂၀၁၆ -၂၀၁၇ ကာလ၊ ရပ်ကျေး/လယ်စီမှာ သိမ်းဆည်းခံ လယ်ယာမြေဥပဒေနဲ့အညီ လယ်သမားကနေ မြေယာအမှု့ဖွင့်ထားတယ်။ ရပ်ကျေးနဲ့ မြို့နယ်လယ်စီမှာ စစ်ပြီးပြီ။ စစ် ရင်းတန်းလန်းမှာ ကိုဗစ်/ အာဏာထိန်း ကာလတွေကြောင့် ယနေ့အထိ မြေယာအမှုက မပြတ်သေးဘူး။ လယ်သမားက မကျေနပ်သေးရင်တောင် ခရိုင်အဆင့်၊ တိုင်းအဆင့်နဲ့ ဗဟို လယ်/စီအဖွဲ့တွေနဲ့ အဆင့်ဆင့်ဆုံးဖြတ်ရမယ့် အဆင့်တွေကျန်သေးတယ်။” ဟု ဦးမင်းမင်းက ဆက်ပြောသည်။
လယ်သမားများကို ပိုင်ရာဆိုင်ရာများက အနိုင်ကျင့်မှုများကြောင့် လယ်သမားများ၏ဘဝက ဆုပ်လည်းဆူး၊ စားလည်းရူးဘ၀ဖြစ်နေကာ ဥပဒေနည်းလမ်းတကျ ဆောင်ရွက်ပေးရန် နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်ထံ တောင်းဆိုထားကြောင်း သိရသည်။
“စည်ပင်ဧရိယာထဲမှာရှိလို့ စည်ပင်ကခန့်ခွဲခွင့်ရှိတာ မှန်ပေမယ့်၊ ဒီမြေသည် မြို့တော်စည်ပင်က ပိုင်ဆိုင်တဲ့မြေမဟုတ်ဘူး၊ ဒီမြေဟာ ဓားမဦးချ လယ်သမားပိုင်တဲ့မြေသာဖြစ်တယ်။ စီမံကိန်းမလုပ်ဖြစ်လို့ ပိုလျှံတဲ့ မိမိပိုင်မြေကိုသာ လယ်သမားက ဥပဒေအရ ပြန်တောင်းနေတာဖြစ်တယ်။ စည်ပင်က သူတို့ပိုင်တယ်ဆိုပြီး လက်ဝါးကြီးအုပ်တာက ဥပဒေအရ နည်း လမ်းမကျဘူး။”ဟု ၎င်းက ဆက်ပြောသည်။
ယခု လယ်သမားများ ပြန်လည်တောင်းခံနေသည့်မြေမှာ မြို့ကွက်သစ်ဖော်ဆောင်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် ၁၉၉၀ ခုနှစ်တွင် လယ်သမားများထံမှ မြေသိမ်းယူကာ ၁၉၉၃ တွင် မြို့ကွက်သစ်များဖော်ထုတ်အပြီး၊ ကျန်ရှိနေသေးသည့် မြေနေရာများဟု သိရသည်။
“ကျွန်တော်လယ်လုပ်ရင်း၊ လုပ်ရင်းနဲ့ မြို့နယ်စည်ပင်ကနေ လယ်ထဲမှာ အမှိုက်လာပုံတယ်။ လယ်သမားနေစရာတော့ ရှိသေးတယ်ဆိုပြီး ဘာမှမပြောခဲ့ဘူး။ အခုက အမှိုက်ပုံတိုးချဲ့ မယ်။ ဖျတ်ပေးဆိုတော့ ကျွန်တော်တို့ ဘဝပျက်ပြီ။ တစ်သက်လုံး လယ်လုပ်စားလာပြီးတော့ ကျွန်တော်တို့မှာ နေစရာ၊ ထိုင်စရာလည်း မရှိတော့ဘူး။ မြို့နယ်စည်ပင်ကလည်း လာလာပြီး စာတွေကပ်နေလို့ အခုဆို နွားရော၊ လူရောနေစရာတောင် မရှိတော့ပါဘူး။” ဟု လယ်သမား ဦးမောင်ကိုက ပြောသည်။
ဓာတ်ပုံ – ဒေသခံတစ်ဦး
လူနေရပ်ကွက်အနီးရှိ အမှိုက်ပုံကို ရွှေ့ပြောင်းပေးရန် တောင်းဆိုမှုအပေါ် စည်ပင်ကမျက်ကွယ်ပြုထားဟု ဒေသခံများ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်