လုံခြုံရေးအရ ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှု ယာယီရပ်နား

ရန်ကုန်၊ မတ် ၂၄

မိုင်းခွဲခံရ၍ ပျက်စီးခဲ့သော ရထားလမ်းပိုင်းအား ပြုပြင်ပြီးစီးပြီဖြစ်သော်လည်း လမ်းပိုင်းလုံခြုံရေးအရ ရန်ကုန်-မော်လမြိုင်ရထားပြေးဆွဲမှုကို ယနေ့ယာယီရပ်နားထားကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

မိုင်းခွဲခံရ၍ ပျက်စီးခဲ့သော ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်ရှိ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ပိတ်ဆို့နေသော ရထားလမ်းပိုင်းအား ယမန်နေ့က ပြုပြင်ပြီးစီပြီဖြစ်သော်လည်း လတ်တလော ရထားလမ်းပိုင်းလုံခြုံရေးအခြေအနေကြောင့် ယနေ့ထွက်ခွာမည့် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ ကြေ ညာထားသည်။

“ လမ်းပိုင်းကတော့ မနေ့ကပြင်ပြီးသွားတာ။ တချို့နေရာတွေမှာ ဗုံးခွဲတာ၊ ဒရုန်းနဲ့ တိုက်တာတွေရှိနေတော့ လုံခြုံရေးက စိတ်မချရသေးတဲ့ အနေအထားမှာတော့ရှိတယ်။ လုံခြုံရေးအဆင်ပြေရင် ရထားလမ်းအမြန်ဆုံးပြန်ဖွင့်မှာပါ။” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရထားခရီးစဉ်အား ဖျက်သိမ်းခဲ့၍ ယနေ့အတွက် လက်မှတ်ဝယ်ယူထားသူများအနေဖြင့် မော်လမြိုင်ဘူတာကြီးတွင် ငွေပြန်အမ်းပေးနေကြောင်း သိရသည်။

မတ် ၁၈ ရက်၊ နံနက် ၇ နာရီဝန်းကျင်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းဘူတာမှ ပဲခူးမြို့နယ်၊ ကလိကျေးရွာသို့ ကျောက်များတင်ဆောင်ကာ မောင်းနှင်လာသော ရထားသည် ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါ်၊ သထုံမြို့နယ်၊ မိုင်းကောင်းကျေးရွာအထွက် မိုင်တိုင်အမှတ် ၁၂၂/၃ နှင့် ၁၂၃/၁ ကြားရှိ ပေါင်ကူးတံတားအရောက်တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကာ တွဲဆိုင်းအချို့တိမ်းမှောက်ခဲ့ပြီး ရထားလမ်းပိုင်းပျက်စီးခဲ့ကြောင်း သိရသည်။

ရထားလမ်းပျက်စီးခဲ့၍ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များအား ဖျက်သိမ်းကာ ပြုပြင်စဉ်၊ မတ် ၁၉ ရက်နေ့က လမ်းပိုင်းပြုပြင်သည့်အဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ပြင်ဆင်မှုများခေတ္တရပ်နားခဲ့ရကာ ယမန်နေ့ကမှပြီးစီးခဲ့ကြောင်း သိရသည်။

ရထားလမ်းပျက်စီးခဲ့၍ မတ် ၁၈ ရက်နေ့မှ ယနေ့(မတ် ၂၄ရက်နေ့)အထိ ရထားခရီးစဉ် ပြေးဆွဲနိုင်မှုမရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ၁၈ ရက်နေ့ထဲက နှစ်ဖက်စလုံ သွားလို့မရတော့တာ။ ဖြစ်တဲ့နေ့တုန်းကတော့ ကြားဘူတာမှာ ရထားနှစ်စင်းရပ်ထားပြီး ခရီးသည်တွေက ဟိုဘက်၊ ဒီဘက် ကားတွေနဲ့ရွေ့ပြီ ခရီးဆက်ရတယ်။ နောက်ရက်တွေကျ လမ်းပါပိတ်လိုက်ရော။ ရထားကိုအားကိုးပြီး ခရီးသွားနေတဲ့သူတွေ၊ ကုန်စည်ပို့တဲ့သူတွေ အကုန်ဒုက္ခရောက်ကုန်တာပဲ။ ဘယ်နေ့မှပြန်ဖွင့်မယ်ဆိုတာလည်း မသိသေးဘူး။” ဟု ပြောကြားသည်။

ယခုလပိုင်းများအတွင်း ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတို့တွင် မိုင်းခွဲတိုက်ခိုက်မှုများ မကြာခဏဖြစ်နေကာ ရထားခရီးစဉ် နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ရထားဖြင့်ခရီးသွားသူများနှင့် ကုန်စည်ပို့ဆောင်သူများက ပြောကြားသည်။

၂၀၂၁ ခုနှစ်မှ ယခုနှစ်အထိ သုံးနှစ်ကျော်အတွင်း ရထားလမ်းနှင့် ရထားဘူတာနယ်မြေများတွင် မိုင်းခွဲခံရမှုအကြိမ် ၁၃၀ ရှိပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

လုံခြုံရေးအရ ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှု ယာယီရပ်နား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.