ဒက္ကာ၊ ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ်၏ လက်ရှိလုံခြုံရေးအခြေနေများကြောင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေရှ့်ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြို့သို့ မကြာမီပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ စစ်တွေမြို့က ကောင်စစ်ဝန်ရုံးကို ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတယ်။ လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတယ်။” ဟု ပြောသည်။
စစ်တွေမြို့တွင်ရှိနေသော အခြားနိုင်ငံများ၏ ကောင်စစ်ဝန်ရုံးများကို လုံခြုံရေးအခြေနေများကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။
ပြီးခဲ့သောရက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်လာခဲ့ရာ မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခြင်းများရှိခဲ့ကြောင်း သိသည်။
မြန်မာအစိုးရသည် အဆိုပါလုံခြုံရေးတပ်ဖွဲ့ဝင်များကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရန် ဘင်္ဂလားဒေရှ့်အစိုးရနှင့် ဆွေးနွေးနေကြောင်း သိရသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက “ မြန်မာတပ်ဖွဲ့တွေဟာ အရင်တုန်းကလည်း အိန္ဒိယနိုင်ငံဘက်ခြမ်းကို ဆုတ်ခွာခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းကလည်း မြန်မာနိုင်ငံဟာ အိန္ဒိယနိုင် ငံဘက်ခြမ်းကိုရောက်ရှိနေတဲ့ မြန်မာတပ်မတော်သားတွေကို ပြန်လည်ခေါ်ယူခဲ့တယ်။ လက်ရှိအချိန်မှာလည်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကို ဆုတ်ခွာလာသူတွေထဲမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေနဲ့ အတူ မိသားစုတွေပါဝင်ခဲ့တယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
thefinancialexpress.com.bd
လုံခြုံရေးအခြေနေများကြောင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေရှ့်ကောင်စစ်ဝန်ရုံးကို ပြောင်းရွှေ့ဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်