လုယက်လာသည့် ရွှေထည်များရောင်းချရာမှ လူသတ်မှု ပေါ်ပေါက်

ရန်ကုန်၊ သြဂုတ် ၃၁

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်အတွင်း လုယက်လာသည့် ရွှေထည်များရောင်းချရာမှ လူသတ်၊ လုယက်မှုဖြစ်စဥ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံ ပရဟိတအသင်းမှ သိရ သည်။

သြဂုတ် ၃၀ ရက်၊ နေ့လည်ပိုင်းတွင် ပုဇွန်တောင်မြို့နယ်၊ (၈) ရပ်ကွက်၊ မြောင်းကြီးလမ်း၊ ၈ လွှာတိုက်ခန်းတစ်ခု၌ တစ်ဦးတည်းရှိသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး အားသတ်ကာ ပစ္စည်းများလုယက်သွားခဲ့ကြောင်း သိရသည်။

“ ဆိုက္ကားသမားနှစ်ယောက်က ပုဇွန်တောင်နားကရွှေဆိုင်မှာ ရွှေသွားရောင်းရင်း မသင်္ကာတာနဲ့ ကွင်းဆက်လိုက်ရင်း အမျိုးသမီးကိုသတ်ပြီး ပိုက်ဆံတွေ၊ ရွှေထည်တွေနဲ့ ဖုန်းသုံးလုံး ပါမိသွားတယ်။ အခုသတ်သွားတဲ့သူတွေက အမျိုးသမီးက ငှားစီးနေကြ ဆိုက်ကားသမားတွေလို့ ပြောကြတယ်” ဟု သွားရောက်ကူညီခဲ့သည့် ပရဟိတအသင်းမှတာဝန်ရှိသူက ပြောသည်။

ထိုတိုက်ခန်း၌ လင်မယားနှစ်ဦးသာနေထိုင်ပြီး အသတ်ခံရချိန်တွင် အမျိုးသမီး၏ခင်ပွန်းမှာ အလုပ်သွားနေခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးမှာ လည်ပင်းနှင့် နံကြားတို့တွင် ဓားဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးနေခဲ့ပြီး နေအိမ်မှ ငွေ ၇၅ သိန်းခန့်၊ ရွှေထည်နှင့် ဖုန်းသုံးလုံးပျောက်ဆုံးသွားခဲ့သည်ဟု သိရှိ ရကြောင်း ပရဟိတအသင်းမှ သိရသည်။

“ သတ်သွားတဲ့ နှစ်ယောက်ကိုတော့ မိပြီပြောတယ်။ သူတို့ကိုမိတာက နှစ်နာရီလောက်မှာတဲ့ Body သယ်ဖို့ ကျွန်တော်တို့ကို ဖုန်းဆက်လာတာကတော့ ၄ ရီ လောက်မှာပါ” ဟု သွားရောက်ကူညီပေးခဲ့သည့် ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။

သေဆုံးသူ အမျိုးသမီးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လုယက်သတ်ဖြတ်သူများကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – စေတနာလူမှုကူညီရေး

#ယနေ့ခေတ်

လုယက်လာသည့် ရွှေထည်များရောင်းချရာမှ လူသတ်မှု ပေါ်ပေါက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.