လုပ်ခလစာ ၂၅ ရာခိုင်နှုန်း တရားဝင်လမ်းကြောင်းများဖြစ်သည့် ဘဏ်များမှ လွှဲပါက အဆင်မပြေဟု ပြည်ပရောက် အလုပ်သမားများ ဆို

ရန်ကုန်၊ စက်တင်ဘာ ၁၂

ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် မိမိလုပ်ခလစာ ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုများထံသို့ တရားဝင်လမ်းကြောင်းများဖြစ်သည့် ပြည်တွင်းဘဏ်များမှ တစ်ဆင့် လွှဲပြောင်းခြင်းသည် အဆင်မပြေကြောင်း ပြည်ပရောက် အလုပ်သမားများက ယနေ့ခေတ်သို့ပြောသည်။

အလုပ်သမားဝန်ကြီးဌာနမှ ပြည်ပသို့ထွက်ခွာ အလုပ်လုပ်မည့်သူများအနေဖြင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် လွှဲရမည်ဆိုသည့်အချက်ကို လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာပါက နောက်တစ်ကြိမ် ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ် ပိတ်ပင်ထားမြစ်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

“ တရားဝင်က မြန်မာငွေစျေးက အဓိကကျတယ်။ အဲ့တော့အပြင်ကနေ လွှဲကြတယ်။ အဲ့တော့ သူတို့က ဒေါ်လာမရတော့ဘူး။ အဲဒါကြောင့် ဒီအမိန့်ထွက်လာတာ။ မြန်မာမှာ ဂျပန် ပိုက်ဆံပေါက်စျေးက ၂၅ ကျပ်။ တရားဝင်က ပြန်ပို့ရင် ၁၉.၅ ပဲ ကျွန်တော်တို့ရကြတယ်။ အဲဒီတော့ အခြားနည်းနဲ့ပို့ကြရတယ်။ ၂၅ ရာခိုင်နှုန်းပို့ရမယ်၊ မရဘူးက လစာအပေါ်မူတည် တယ်။ အကြွေးစနစ်ဆို ဘယ်လိုမှ ၂၅ ရာခိုင်နှုန်းမရနိုင်ဘူး။ ၁၀၀ က လစာဆို ၃၀ ရာခိုင်နှုန်းက အခွန်ဆောင်ရတယ်။ ၃၀ ရာခိုင်နှုန်းက စားသောက်စရိတ်။ ၄၀ ရာခိုင်နှုန်းက အိမ် ပို့ရမယ်ဆို ကျန်းမာရေးမကောင်းရင် ဘာနဲ့ကုရမလဲ။” ဟု ဂျပန်တွင် အလုပ်လုပ်ကိုင်နေသည့် ‌ကိုကောင်းဆက်လင်းက ပြောသည်။

စက်တင်ဘာ ၁၁ ရက်မှစတင်ပြီး ထိုင်းနိုင်ငံရှိ MoU မြန်မာအလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမာများ သက်သေခံကတ် (OWIC) ရိုက်နှိပ်ခြင်းကို မြဝတီမြို့ နှင့် ကော့သောင်းမြို့များတွင် One Stop Service ဖြင့် စတင်ဆောင်ရွက်ပေးနေပြီး ယင်းကဲ့သို့ ဆောင်ရွက်နေစဉ်အတွင်း အေဂျင်စီများနှင့် ညှိနှိုင်းကာ စာချုပ်အသစ်ချုပ်ဆိုရာတွင် မိမိလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ဘဏ်များမှတစ်ဆင့် လွှဲပြောင်းပေးမည်ဆိုခြင်းကို လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြည်ပတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် ပြည်တွင်းဘဏ်တစ်ခုခုတွင် Special Account ဖွင့်လှစ်ပြီး မိမိလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းအား တစ်လတစ် ကြိမ်လည်းကောင်း၊ သုံးလတစ်ကြိမ်လည်းကောင်း လွှဲပြောင်းပေးရမည်ဖြစ်ပြီး၊ မိသားစုထံသို့ လွှဲပြောင်းပေးပို့ခဲ့သည့် အထောက်အထားစာရွက်စာတမ်းများကို သိမ်းထားပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ပစ္စည်းများဝယ်ယူခြင်းများတွင် အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များ ရရှိမည်ဖြစ်ကာ စည်းကမ်းချက် မလိုက်နာသော အလုပ်သမားသည် နောက်တစ်ကြိမ် ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ်ပိတ်ပင်တားမြစ်ခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ-ဆိုလ်းမြို့၊ မြန်မာသံရုံး

#ယနေ့ခေတ်

လုပ်ခလစာ ၂၅ ရာခိုင်နှုန်း တရားဝင်လမ်းကြောင်းများဖြစ်သည့် ဘဏ်များမှ လွှဲပါက အဆင်မပြေဟု ပြည်ပရောက် အလုပ်သမားများ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.