လိုင်ဇာအနီး ပေါက်ကွဲမှုကို မလုပ်ခဲ့ကြောင်း နစက ငြင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၁၀

KIA စခန်းဌာနချုပ် လိုင်ဇာအနီးရှိ ပေါက်ကွဲမှုကို မိမိတို့ မလုပ်ဆောင်ခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပိုင်မီဒီယာသို့ ငြင်းဆိုပြောကြားသည်။

လိုင်ဇာမြို့အနီး ၂ မိုင်အကွာရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းတွင် ယမန်နေ့ ည ၁၁ နာရီဝန်းကျင်က ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကလေးငယ် ၁၁ ဦးအပါအဝင် ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၅၆ ဦး ထက်မနည်းရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ထိုပေါက်ကွဲမှု ဖြစ်စဉ်အပေါ် လေကြောင်းတိုက်ခိုက်ခံရခြင်း သို့မဟုတ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ပြောဆိုမှုအပေါ် နစက ပြောရေးဆိုခွင့်ရှိသူက “ နယ်စပ် မှာ ညသန်းခေါင်အချိန်ကြီး ဗုံးကြဲတိုက်ခိုက်တယ်တို့၊ လက်နက်ကြီးနဲ့ ပစ်တယ်တို့ဆိုတာ ဖြစ်နိုင်သလား စဉ်းစားစေချင်ပါတယ်။ Drop Bomb တွေ သိုလှောင်တဲ့နေရာ ပေါက်ကွဲ တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ မြေပြင်သတင်းကို စုံစမ်းဆဲဖြစ်တယ်။” ဟု ငြင်းဆိုပြောကြားသည်။

ထို့ပြင် ၎င်းက မည်သည့်လက်နက်ကိုင် တိုင်းရင်းသားဌာနချုပ်ကိုမဆို ပစ်ခတ်တိုက်ခိုက်နိုင်သော်လည်း မပစ်ခတ်ကြောင်းကို ပြောဆိုပြီးဖြစ်သည်ဟုလည်း ဆက်လက်ပြောကြား သည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်အပေါ် KIA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက “ လက်နက်ကြီးတော့ မဟုတ်ဘူး။ လေယာဉ်နဲ့လား၊ ဒရုန်းနဲ့လား တစ်ခုခုတော့ဟုတ်မယ်။ လေ ယာဉ်နဲ့ဆိုရင် အသံကကြားရမယ်။ အခုက မကြားရတော့ ဒရုန်းနဲ့ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြတယ်။” ဟု RFA သတင်းဌာန၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားထားသည်။

ထို့ပြင် ဒေသခံ ကချင်လူမျိုးတစ်ဦးဟုဆိုသူက ထိုဖြစ်စဉ်အပေါ် လက်နက်ခဲယမ်းများ ပေါက်ကွဲမှုဟု ကချင်ဘာသာဖြင့် လူမှုကွန်ရက်ပေါ်တွင် ရေးသားထားပြီး ထိုစာအား မျှဝေသူ၊ မှတ်ချက်ပြုသူ များစွာရှိနေကြောင်း တွေ့ရသည်။

ထိုသို့ အပြန်အလှန် ပြောဆိုမှုများအပေါ် ယနေ့ခေတ်အနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်းတော့ မရှိသေးပေ။ ထိုဖြစ်စဉ်အပေါ် UN နှင့် UNICEF Myanmar တို့က အလွန်အမင်း စိုးရိမ်ကြောင်းနှင့် ထိတ်လန့်ဝမ်းနည်းရကြောင်း ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်၊ ညပိုင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနန့်ပါကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရပြီး ၆၂ ဦးထက်မနည်းသေဆုံးခဲ့ကာ ထိုဖြစ် စဉ်အပေါ် စစ်ရေးလိုအပ်ချက်အရ စစ်ဆင်ရေးဆောင်ရွက်မှုသာဖြစ်ပြီး အရပ်သားများ ထိခိုက်မှုမရှိဟု နစက ပြောရေးဆိုခွင့်ရှိသူက ထိုစဉ်က ပြောဆိုခဲ့သည်။

မောင်ဇော်

Photo – Kachin Land

#ယနေ့ခေတ်

လိုင်ဇာအနီး ပေါက်ကွဲမှုကို မလုပ်ခဲ့ကြောင်း နစက ငြင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.