လားရှိုး-သီပေါလမ်းပေါ်ရှိ စဉ့်အင်တံတား တိုက်ပွဲကြောင့် ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-သီပေါလမ်းပေါ်ရှိ စဉ့်အင်တံတားမှာ ယမန်နေ့က တိုက်ပွဲကြောင့် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက်အစောပိုင်းက သီပေါမြို့နယ်၊ သီပေါ-လားရှိုး ပြည်ထောင်စုလမ်းမပေါ်ရှိ စဉ့်အင်တံတားရဲစခန်းအနီးတွင် နစကတပ်များနှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားရာမှ တံတားပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ နိုဝင်ဘာ ၃၀ ရက်ညထဲက သီပေါတိုးဂိတ်အနီးမှာ တိုက်ပွဲစဖြစ်တာ။ အဲ့ဒီကနေ မနေ့မနက်က တံတားနားက ရဲကင်းနားမှာ တိုက်ပွဲဆက်ဖြစ်တယ်။ တိုက်ပွဲကြောင့် တံတားရဲ့ အလယ်ပိုင်းက မနက်ပိုင်းမှာ ပျက်စီးတယ်။ ညနေပိုင်းကျ တံတားတစ်စင်းလုံး ကျိုးကျသွားရော။ အခုတော့ လမ်းပန်းဆက်သွယ်ရေးပါ ပြတ်သွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

တံတားပျက်စီးမှုနှင့် ပတ်သတ်၍ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခြင်းဟု ပြောဆိုမှုများရှိပြီး၊ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်စီးခဲ့ခြင်းဟုလည်း ဒေသခံ များအကြား ပြောဆိုမှုများရှိကြောင်း သိရသည်။ မည်သည့်တိုက်ခိုက်မှုကြောင့် တံတားပျက်စီးခဲ့သည်ကို ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

တံတားပျက်စီးမှုကြောင့် ယနေ့တွင် လားရှိုး-သီပေါလမ်းပိုင်း ပြတ်တောက်မှုဖြစ်ပွားနေကာ သွားလာရခက်ခဲမှု ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

အလားတူ နိုဝင်ဘာ ၁၂ ရက်က နှစ်ဖက်တိုက်ပွဲအတွင်း သီပေါနှင့် ကျောက်မဲမြို့နယ်တို့ကို ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ ကျင်သီတံတား ကျိုးကျပျက်စီးခဲ့ကာ ယနေ့အထိ ပြင်ဆင်နိုင်ခြင်းမရှိသေးစဉ်၊ ယမန်နေ့က လားရှိုး-သီပေါလမ်းပေါ်ရှိ စဉ့်အင်တံတားမှာ ထပ်မံပျက်စီးခဲ့ခြင်းဟု သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

လားရှိုး-သီပေါလမ်းပေါ်ရှိ စဉ့်အင်တံတား တိုက်ပွဲကြောင့် ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.