လားရှိုး၌ ဟိုတယ်ကောင်တာတွင် ထားခဲ့သည့်အိတ်မှ ပေါက်ကွဲမှုဖြစ်၍ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ယမန်နေ့က ဟိုတယ်တစ်ခု၏ ကောင်တာပေါ်တွင် အမည်မသိအမျိုးသား ၂ ဦးထားရှိခဲ့သည့် လက်ဆွဲအိတ်မှ ပေါက်ကွဲမှုဖြစ်၍ ဟိုတယ် ဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့၊ ညနေ ၄နာရီခွဲက လားရှိုးမြို့၊ ရပ်ကွက် (၈) တွင် ဖွင့်လှစ်ထားသည့် Luxury Lounge ဟိုတယ်သို့ အမည်မသိအမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ ဟိုတယ် ဝန်ထမ်းနှင့် စကားပြောဆိုပြီးနောက် ကောင်တာတွင် လက်ဆွဲအိတ်တစ်လုံးထားရှိပြီး ပြန်လည်ထွက်သွားရာ အဆိုပါအိတ်မှ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။

“ သူတို့နှစ်ယောက် အခန်းငှားမယ်ပြောပြီး ကောင်တာပေါ် လက်ဆွဲအိတ် အမဲတစ်လုံးတင်ထားတယ်။ ပြီးတော့ အခန်းလိုက်ကြည့်ပြီး ဘာမှမပြောဘဲ အပြင်မှာရပ်ထားတဲ့ ဆိုင် ကယ်ပေါ်တက်ပြီး မောင်းထွက်သွားတာ။ သူတို့ သွားသွားချင်းပဲ ကောင်တာပေါ်မှာ သူတို့ထားခဲ့တဲ့လက်ဆွဲအိတ်က ထပေါက်တာပဲ“ ဟု ဖြစ်စဉ်အားသိရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် ဟိုတယ်ဝင်ပေါက်မှန် ၆ ချပ်ပျက်စီးခဲ့ပြီး ကောင်တာအနီးရှိ တာဝန်ကျဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာများရရှိကာ လားရှိုးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေ ကြောင်း သိရသည်။

ဖောက်ခွဲမှုအား မည်သည့်အဖွဲ့ကပြုလုပ်ကြောင်း မသိရသေးသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ဒေသတွင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လားရှိုးမြို့ရှိ လုပ်ငန်းအချို့အား ကျပ်သိန်း ရာဂဏန်းအထိ အခွန်ဆက်ကြေးပေးဆောင်ရန်နှင့် မပေးဆောင်ပါက အရေးယူမည်ဟု စာပေးပို့အကြောင်းကြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လာရှိုးမြို့၌ ယခုနှစ်အတွင်း ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွါးလေ့ရှိကာ လူအများအပြား ထိခိုက်ဒဏ်ရာရမှု၊ လူသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်၊ နံနက်အစောပိုင်းက လားရှိုးမြို့မစျေးကြီးအတွင်းရှိ ဇွဲထက်ရွှေဆိုင်အနီး၌ ရပ်ထားခဲ့သည့် ဆိုင်ကယ်မှ ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်၍ တစ်ဦးသေဆုံး ကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကလည်း မြို့မစျေးနှင့် ရန်တိုင်းအောင်ဘုရားအနီးရှိ သင်္ကြန်မဏ္ဍပ်တစ်ခု၏ ယာဉ်ရပ်နားရာနေရာတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်မှ ပြင်းထန်သည့်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွါးခဲ့ပြီး ဒေသခံ ၅ ဦး သေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

လားရှိုး၌ ဟိုတယ်ကောင်တာတွင် ထားခဲ့သည့်အိတ်မှ ပေါက်ကွဲမှုဖြစ်၍ ၂ ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.