ရန်ကုန်၊ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှု ဖြစ်ပွားကာ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း ဒေသတွင်း အခြေစိုက် လူမှုကူညီရေးအသင်းမှ သိရသည်။
ယမန်နေ့ ည ၈ နာရီခန့်က လားရှိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ ကျဆင်းလာသဖြင့် ရပ်ကွက် ၆ ၊ ၇ ၊ ၈ နှင့် ၁၂ တို့တွင် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ကာ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
“ အိမ်တွေရေဝင်တာ အိမ်ခန်းထဲမှာဆို ရေကဒူးလောက်တောင်ရောက်တယ်။” ဟု လားရှိုးမြို့၌နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါရပ်ကွက်များတွင် နေထိုင်သူအချို့ အရေးပေါ် ရွေ့ပြောင်းခဲ့ရပြီး ဒေသခံများ သွားလာရေးလွယ်ကူစေရန် မြို့နယ်တာဝန်ရှိသူများနှင့် ဒေသအခြေစိုက် ပရဟိတအဖွဲ့များက ကူညီပေးခဲ့ကြောင်း သိရသည်။
“ ဒီမနက်တော့ ရေကနည်းနည်းကျသွားပြီ။ မိုးလေဝသခန့်မှန်းချက်အရ လားရှိုးမြို့က ၁၂ ရက်နေ့အထိ မိုးကြီးရေလျှံဖြစ်နိုင်တယ်ဆိုလို့ သတိနဲ့တော့ စောင့်ကြည့်နေရတယ်။” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ မိုးသည်းထန်စွာရွာသွန်းနိုင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသအခြေအနေအား ခန့်မှန်းသုံးသပ်ပေးနေသူ များက သတိပေးထား၍ လားရှိုးမြို့ရှိ မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ရေဘေးသတိဖြင့် နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်၊ နံနက်အစောပိုင်းကလည်း လားရှိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ကာ တောင်ကျချောင်းရေများ ကျဆင်းလာ၍ ရပ်ကွက်အချို့သို့ရေဝင်ခဲ့ပြီး အထက်မန်အိုင်ဘက်၊ ရပ်ကွက် (၅)၊ နယ်မြေ ၁၃ ရှိ နေအိမ်တစ်လုံး၏ အုတ်တံတိုင်းပြိုကျရာမှ အိမ်အတွင်း၌ အိပ်ပျော်လျက်ရှိသော လူငယ်တစ်ဦးပေါ်သို့ပိမိ၍ နေရာတွင် သေ ဆုံးခဲ့သည်။
မောင်ဇော်
ဓါတ်ပုံ- လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့
လားရှိုး၌ ရေကြီးရေလျှံမှုဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်