လားရှိုး၌ ယနေ့နေ့လည်တွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ယနေ့နေ့လည်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများက ယနေ့ခေတ်သို့ ပြောကြားသည်။

ယနေ့နေ့လည် ၂ နာရီဝန်းကျင်က လားရှိုးမြို့၊ ရပ်ကွက် (၃)၊ သီရိလမ်းနှင့် ကြာနီလမ်းထောင့်ရှိ RD စက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေးဆိုင်ရှေ့တွင် ရပ်တန့်ထားသည့် ဆိုင်ကယ်များအနက် ဆိုင်ကယ်တစ်စီးမှ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့၌နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

“ နေ့ခင်း ၂ နာရီဝန်းကျင်လောက်က RD ဆိုင်ရှေ့မှာဗုံးထောင်ပြီးရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကနေ ပေါက်ကွဲမှုဖြစ်တာပါ။ ပေါက်ကွဲသံကို နှစ်ကြိမ်တောင်ကြားရတယ်။ အသံက တော်တော်ကျယ်တယ်။ ဗုံးကွဲတဲ့ဆိုင်ကယ်က မီးထလောင်သေးတယ်။ ဆိုင်ဝန်ထမ်းတွေနဲ့ အနီးအနားကလူတွေ အကုန်ဝိုင်းငြိမ်းရတယ်။” ဟု ၎င်းက ပြောကြားသည်။

ဗုံးပေါက်ကွဲမှုကြောင့် RD ဆိုင်ရှိ ပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

လားရှိုးမြို့၌ ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလျက်ရှိကာ လူထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နှစ် ဇူလိုင် ၁၅ ရက်တွင် လားရှိုးမြို့မစျေးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင်ရပ်ထားသည့် ဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ရာ တစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ စက်တင်ဘာ ၂၇ ရက်၊ ညနေက လားရှိုးမြို့အထွက်ရှိ Denko စက်သုံးဆီဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ တစ်ဦးသေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

လားရှိုး၌ ယနေ့နေ့လည်တွင် ဗုံးပေါက်ကွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.