လားရှိုး၌ မိုးသည်းထန်စွာရွာ၍ တောင်ကျချောင်းရေကြောင့် နေအိမ်များသို့ ရေဝင် ရောက်၊ တစ်ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ယနေ့နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ ရပ်ကွက်အချို့သို့ ရေဝင် ရောက်ခဲ့ပြီး နေအိမ်တစ်လုံးပေါ်သို့ အုတ်တံတိုင်းပြိုကျ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသတွင်း ပရဟိတအသင်းများက ယနေ့ခေတ်သို့ ပြောသည်။

ယနေ့နံနက် အစောပိုင်းတွင် လားရှိုးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ တောင်ကျချောင်းရေများ ကျဆင်းလာ၍ ရပ်ကွက် (၅)၊ (၆)၊ (၇)၊ (၈) နှင့် (၁၂) ရပ်ကွက်တို့သို့ ရေဝင်ရောက် မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ လူနေရပ်ကွက်ထဲ ရေတွေ ဒလဟောဝင်လာလို့ မနက်အစောပိုင်းထဲက လိုက်လံကူညီပေးနေတာပါ။ ရေဝင်ပြီး လူပိတ်မိတဲ့ အိမ်ခြေတွေ၊ ရေစီးကြမ်းတဲ့ လမ်းတွေတစ်လျှောက် လည်း ကူညီပေးတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ အသင်းသားတစ်ဦးက ပြောသည်။

မိုးသည်းထန်စွာရွာ၍ တောင်ကျချောင်းရေများ ကျဆင်းမှုကြောင့် အထက်မန်အိုင်ဘက်၊ ရပ်ကွက် (၅)၊ နယ်မြေ (၁၃) ရှိ နေအိမ်တစ်လုံး၏ အုတ်တံတိုင်းပြိုကျရာမှ အိမ်အတွင်း၌ အိပ်ပျော်လျက်ရှိသော လူငယ်တစ်ဦးပေါ်သို့ပိမိ၍ နေရာတွင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ အုတ်တံတိုင်းပြိုပြီး အိမ်ပေါ်ပိသွားတာ။ အုတ်အပိုင်းအစတွေက အိမ်ထဲအိပ်နေတဲ့လူငယ်ကိုထိမှန်ပြီး သေဆုံးသွားတာ။” ဟု ကူညီပေးခဲ့သူတစ်ဦးက ပြောသည်။

သေဆုံးသူလူငယ်၏ ရုပ်အလောင်းအား လားရှိုးဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းအထိ လားရှိုး၌ မိုးဆက်လက်ရွာသွန်းနေ၍ အချို့မြေနိမ့်ပိုင်း နေရာများတွင် နေထိုင်သူများအတွက် ကူညီမှုများပေးနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရ သည်။

“ မိုးပြန်ရွာလာလို့ ဒီမနက်ပိုင်း တချို့နေရာတွေ ပြန်ထွက်နေရတယ်။” ဟု ကမ်းလင့်လက် လူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးက ဆက်လက်ပြောကြားသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်မြို့၌ ယမန်နေ့ နံနက်အစောပိုင်း က မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကာ လူနေအိမ်များသို့ ရေဝင်ရောက်ခဲ့ပြီး မိုးရွာသွန်းနေစဉ် အချိန်အတွင်း နေအိမ်များအတွင်း ရပ်တန့်ထားသည့် ကား၊ ဆိုင်ကယ်များအပြင် အခြားပစ္စည်းများ ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

မောင်ဇော်

ဓါတ်ပုံ- လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့၊ ကမ်းလင့်လက် လူမှုကူညီရေး အသင်း

လားရှိုး၌ မိုးသည်းထန်စွာရွာ၍ တောင်ကျချောင်းရေကြောင့် နေအိမ်များသို့ ရေဝင် ရောက်၊ တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.