လားရှိုး၌ ဒေသခံ ငါးထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၌ နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ဒေသခံငါးထောင်ကျော်ရှိကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင်များအား ကူညီပေး နေသူများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ နှစ်ဖက်တိုက်ပွဲကြောင့် လားရှိုးမြို့အနီးတဝိုက် ကျေးရွာများအပါအဝင် ဒေသအချို့မှ ဒေသခံများမှာ လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် လာရောက်၍ စစ်ဘေးတိမ်းရှောင်ကြခြင်းဖြစ်ပြီး လားရှိုးမြို့ပေါ်ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်း၌ ယနေ့အထိ လာရောက်ပြီးစစ်ဘေးတိမ်းရှောင်သူ လေးထောင် ကျော်ရှိပြီဖြစ်ကြောင်း အဆိုပါကျောင်းမှ ဆရာတော်တစ်ပါးက ယနေ့ခေတ်သို့ မိန့်ကြားသည်။

“ ဒီနေ့အထိဆို ဆရာတော်တို့ကျောင်းမှာ လေးထောင်ကျော်နေပြီ။ ဒီ မန်ဆူရှမ်းကျောင်းမှာ စစ်ရှောင်တွေအများဆုံးပဲ။ နောက်ထပ်မြို့ပေါ်က လေး၊ ငါးနေမှာလည်း စစ်ရှောင်နေရ တာတွေရှိတယ်။ ခန့်မှန်းခြေဆို စုစုပေါင်းလူဦးရေ ငါးထောင်ကျော်လောက်တော့ရှိမယ်။ တခြားနေရာတွေ အဆက်အသွယ်ပြတ်နေတာလည်း ရှိတယ်။ အဓိကလိုအပ်နေတာ အစားအသောက်ပါပဲ။” ဟု အဆိုပါကျောင်းမှ စစ်ရှောင်များအား ကူညီပေးနေသည့်ဆရာတော်က ယနေ့ခေတ်သို့ မိန့်ကြားသည်။

လားရှိုးမြို့ပေါ်၌ သီရိမင်္ဂလာမန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်းအပြင် ဟိုနမ့်၊ ဟိုပိတ်၊ မိုင်းတင်၊ ကုန်းသာ၊ မန်အိုင်၊ တာပုံ၊ ကောင်းခန် စသည့်ဘုန်းတော်ကြီးကျောင်းများတွင်လည်း လာရောက်စစ်ဘေးရှောင်သူ စုစုပေါင်းလူဦးရေထောင် ချီ၍ရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် အိပ်ယာခင်းများ လိုအပ်ချက်ရှိနေကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောကြားသည်။

ထို့ပြင် ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္ဒီမြို့နယ်တို့အပါအဝင် တိုက်ပွဲများဖြစ်ပွားရာ ဒေသအများအပြား၌ ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိပြီး ယနေ့နံနက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ဒေသခံသောင်းချီ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူများက ပြောကြားပြီး တိုက်ပွဲများအကြား ပိတ်မိနေသူများလည်းရှိနိုင် ကြောင်း ပြောကြားကြသည်။

အောက်တိုဘာ ၂၇ ရက်မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ သိန္ဒီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် ဒေသအများအပြားသို့ ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA)နှင့် ရခိုင့်တပ်တော် (AA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ပူးပေါင်းတပ်တို့က စတင်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေ သည်။

ယနေ့နံနက်အထိလည်း အဆိုပါဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေ၍ စစ်ရှောင်လူဦးရေ ယခုထက် ပိုမိုများပြားလာနိုင်ကြောင်း စစ်ရှောင်ကူညီပေးနေ သူများက ခန့်မှန်း၍ပြောကြားသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

ပုံစာ – လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းမှ စစ်ရှောင်များအား တွေ့ရစဉ်

#ယနေ့ခေတ်

လားရှိုး၌ ဒေသခံ ငါးထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.