ရန်ကုန်၊ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ကျောက်တောင်ပေါ်မှ ကျောက်တုံးများလိမ့်ကျ၍ အိမ်အချို့အားပိမိပြီး ပျက်စီးခဲ့ကာ ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းတစ်သင်းထံမှ သိရသည်။
နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက လားရှိုးမြို့၊ ရပ်ကွက် (၁)၊ ရွှေတောင်ကြားကွက်သစ်အနီးရှိ ကျောက်တောင်ပေါ်မှ ကျောက်တုံးသုံးတုံးလိမ့်ကျ၍ တောင်ခြေရှိ နေအိမ်လေးလုံးအား ထိခိုက်ခဲ့ကြောင်း သိရသည်။
“ အိမ်တစ်လုံးစာလောက်ရှိတဲ့ ကျောက်တုံးကြီးသုံးလုံးက ပြိုကျလာပြီး တစ်လုံးက သွပ်မိုးထရံကာအိမ်သုံးလုံးကို ပိမိတယ်။ တစ်လုံးက တိုက်အိမ်ထဲကို ဝင်သွားပြီး နောက်တစ်လုံး က လူမနေနဲ့ ခြံအလွတ်ထဲ ဝင်သွားတာ။” ဟု ဗေဒါမာန် လူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
နေအိမ်များအား ကျောက်တုံးပိမိ၍ အနီးရှိ အသက် ၁၃ နှစ်အရွယ်ကလေးငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး လားရှိုးဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
အဆိုပါ ကျောက်တောင်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကရှိခဲ့သော ကျောက်တောင်ဖြစ်ပြီး ယခုကဲ့သို့ ကျောက်တုံးများ ပြုတ်ကျမှုမျိုး ဖြစ်ပွားဖူးခြင်း မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ဒီရက်ပိုင်း လားရှိုးမှာက ပစ်ခတ်မှုတွေဖြစ်တော့ အသံတွေကတအားကြီးတယ်။ တုန်ခါမှုတွေလည်းဖြစ်တော့ ဒါ့ကြောင့်ဖြစ်တယ်လို့တော့ယူဆရတယ်။ တစ်ခါမှဒီလိုမဖြစ်ဖူးဘူး။” ဟု လားရှိုးမြို့၌နေထိုင်သူတစ်ဦးက ပြောသည်။
ကျောက်တောင်ပေါ်မှ ကျောက်တုံးလိမ့်ကျစဉ် ပိမိသည့်နေအိမ်သုံးလုံးမှာ ပျက် စီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဗေဒါမာန်လူမှုကူညီရေးအသင်း
လားရှိုး၌ ကျောက်တောင်ပေါ်မှ ကျောက်တုံးများလိမ့်ကျ၍ အိမ်အချို့ပိမိကာ သုံးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်