ရန်ကုန်၊ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အနီးရှိ တိုက်နယ်ကျေးရွာတစ်ရွာတွင် ယမန်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရ၍ လူနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ည ၇ နာရီဝန်းကျင်က လားရှိုးမြို့အနီးရှိ မိုင်းယော်တိုက်နယ်ကျေးရွာသို့ လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ကာ ဗုံးထိမှန်မှုနှင့် မီးလောင်မှုတို့ကြောင့် နေအိမ် ၂၀ လုံးထက် မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ တိုက်ပွဲမဖြစ်ဘဲနဲ့ လေကြောင်းတိုက်ခိုက်ခံရတာပါ။ မိုင်းယော် စျေးတန်းရပ်ကို ဗုံးကျတာ။ အိမ်အလုံး ၂၀ လောက်တော့ ပျက်စီးသွားတယ်။ လူထိခိုက်မှု အခြေအနေတော့ မသိရ သေးဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာရှိ ဒေသခံအချို့မှာ နယ်မြေအခြေအနေအရ လားရှိုးမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်လျက်ရှိ၍ လေကြောင်းတိုက်ခိုက်ခံရစဉ် လူထိခိုက်မှုရှိ၊ မရှိကို မသိရသေး ကြောင်း ဒေသခံတစ်ဦးက ဆက်လက်ပြောပြသည်။
လက်ရှိ၌ လားရှိုးမြို့အား လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်တော့မည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်လျက်ရှိပြီး လားရှိုးမြို့အနီးရှိ ကျေးရွာအချို့တို့တွင် နှစ်ဖက်ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အောက်တိုဘာ ၂၇ ရက်မှ စတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ဒရုန်းဗုံးဖြင့် တိုက်ခိုက်မှုနှင့် လေကြောင်းတိုက် ခိုက်မှုတို့ကြောင့် လူနေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောင်အဦများအပါအဝင် အဆောက်အအုံ သုံးရာထက်မနည်း ပျက်စီးခဲ့ကြောင်း အရပ်ဖက်သုတေသနအဖွဲ့အစည်း များ၏ စာရင်းများအရ သိရသည်။
ဓာတ်ပုံ – စီဂျေ
လားရှိုးအနီး၌ လေကြောင်းတိုက်ခိုက်ခံရ၍ နေအိမ် ၂၀ လုံးထက်မနည်း ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်