လားရှိုးလေဆိပ် ယခုလအတွင်း ဖွင့်လှစ်ရန်ပြင်ဆင်နေ

ရန်ကုန်၊ မေ ၁၄

တိုက်ပွဲများကြောင့် ပိတ်ထားခဲ့သည့် လားရှိုးလေဆိပ်ကို ယခုလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း လားရှိုးမြို့ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခုအခါ လေဆိပ်ပြန်လည်ဖွင့်လှစ်ရန်နှင့် လေကြောင်းလိုင်းများ ပျံသန်းနိုင်ရန် နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးနေကြောင်း သိရသည်။

“ ဒီလထဲတော့ ပြန်ဖွင့်မယ်လို့ပြောတယ်။ အဲဒီအတွက် သူတို့ဆွေးနွေးနေကြတယ်။ ကုန်းလမ်းထက်စာရင် ‌လေကြောင်းကနည်းနည်း safe ဖြစ်တယ်။ ကုန်ကျတာကလွဲလို့” ဟု လားရှိုးမြို့ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါခရီးစဉ်အတွက် ‌ကြိုတင်လေယာဉ်လက်မှတ် ရောင်းချခြင်းမရှိသေးပဲ လေဆိပ်ပြန်ဖွင့်ပါက လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်းနှင့်ပတ်သက်‌၍ တရားဝင်အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ လက်မှတ်တွေကတော့ လောလောဆယ်မရောင်းသေးဘူး။ ဘာမှလည်းညွှန်ကြားထားတာမရှိသေးဘူး။ ကုန်စည်သယ်ဆောင်တဲ့လေ‌ယာဉ်တွေတော့သွားတယ်။ ခရီးသည်လေကြောင်းလိုင်းကတော့ မပျံသန်းသေးဘူး။ တရားဝင်အသိပေးထုတ်ပြန်ပေးပါ့မယ်” ဟု လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိးမြို့လေဆိပ်မှ လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲမှုကို ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင်လ ပထမပတ်အတွင်း တိုက်ပွဲများကြောင့် ရပ်နားခဲ့ရခြင်းဖြစ်သည်။

#စုစု

#ယနေ့ခေတ်

လားရှိုးလေဆိပ် ယခုလအတွင်း ဖွင့်လှစ်ရန်ပြင်ဆင်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.