လားရှိုးမြို့ အပါအဝင် မြို့နယ်ခြောက်မြို့နယ်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

စစ်အုပ်ချုပ်ရေး ကြေညားထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ လားရှိုး၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်နှင့် သိန္ဒီမြို့တို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်အား ယမန်နေ့က ဒေသအာဏာပိုင်အဖွဲ့က ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်ခြောက်မြို့နယ်တွင် လုံခြုံရေးတာဝန်ရှိသူများမှအပ မည်သူမျှ ညနေ ၆နာရီမှ နံနက် ၆ နာရီအတွင်း လမ်းများပေါ်တွင် သွားလာခြင်းမပြုရန်၊ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း လူငါးဦးနှင့် ငါးဦးထက်ပို၍ မစုဝေးရန်၊ တုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေသောအရာများ ကိုင်ဆောင်ခြင်းမပြုရန်၊ လမ်းများပေါ်တွင် အတားအဆီးများ ပြုလုပ်၍ ပိတ်ဆို့ခြင်းနှင့် လူစု၊ လူဝေးပြုလုပ်၍ ပိတ်ဆို့ခြင်းများ မပြုလုပ်ရန်နှင့် အထက်ပါညွှန်ကြားချက်ကို မလိုက်နာပါက အင်အားသုံး၍ဖမ်းဆီးမည်ဟု ကြေညာချက်အရ သိရသည်။

“ လားရှိုးမှာတော့ ညနေ ၆ နာရီကစပြီး ညမထွက်ရဆိုတာက တော်တော်အဆင်မပြေဘူး။ မနေ့ကညနေကဆို ၆ နာရီကျော်ရုံရှိသေးတယ် စျေးရောင်းနေတဲ့သူတွေကို စည်ပင်က ခရာတွေမှုတ်ပြီး ဆိုင်တွေအားလုံးလိုက်သိမ်းခိုင်းတယ်။ အရောင်းအဝယ် မကောင်းရတဲ့အထဲ စျေးသည်တွေ အခက်ကြုံကုန်တာပေါ့။ အရေးအကြောင်းရှိလို့ သွားလာဖို့တောင် မလွယ်တဲ့ အခြေအနေ။” ဟု လားရှိုးမြို့၌နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယနေ့အထိ အဆိုပါ မြို့နယ်ခြောက်မြို့နယ်နှင့် အနီးဝန်းကျင်ဒေသများတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကာ ဒေသခံသောင်းချီ၍ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာ နေရာများတွင် နေထိုင်နေရကြောင်း ဒေသတွင်း ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့နှင့် ကုန်းကြမ်းမြို့တို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်အား နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားကြောင်း သိရသည်။

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ သိန္နီမြို့နယ်၊ လောက် ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့အား နိုဝင်ဘာ ၁၂ ရက်က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည်။

#မောင်ဇော်

ဓာတ်ပုံ – Nay Myo

ပုံစာ – လားရှိုးမြို့ရှိ နေရာအချို့အား တွေ့ရစဉ်

#ယနေ့ခေတ်

လားရှိုးမြို့ အပါအဝင် မြို့နယ်ခြောက်မြို့နယ်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.