ရန်ကုန်၊ စက်တင်ဘာ ၂၅
လာမည့်ရက်ပိုင်းအတွင်း လေပွေလှိုင်းများနှင့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဒေသအချို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်း၊ ရုတ်တရတ်ရေကြီးခြင်းနှင့် မြေပြိုခြင်း များဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေလ ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။
မိုး/ဇလ၏ ယမန်နေ့ နေ့လည် တိုင်းထွာချက်များအရ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်း ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်၍ ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်သူများ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများ ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြု ရန်လိုအပ်ကြောင်းနှင့် စက်တင်ဘာ ၃၀ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလမှ သတိပေးချက်ထုတ်ပြန်ထားသည်။
မိုးလေဝသဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်ပေးနေသူ ဦးဝင်းနိုင်က လာမည့် ၅ ရက်မှ ၁၀ ရက်အတွင်း တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်(မြောက် ပိုင်း)၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့မှလွဲ၍ ကျန်ဒေသများတွင် မိုးသက်လေပြင်းများကျရောက်ကာ မိုးများနိုင်ကြောင်း ယမန်နေ့က ပြောကြားသည်။
“ မိုးများနိုင်မဲ့ဒေသတွေမှာ နေရာဒေသနဲ့ မုန်တိုင်းလမ်းကြောင်းပေါ်မှာမူတည် ပြီး ၅ ရက်အတွင်း မိုးရေချိန် ၃၀ မီလီမီတာမှ မီလီမီတာ ၂၀၀ ကျော်အထိ ရွာသွန်းနိုင်ပါတယ်။” ဟု ပြောကြားသည်။
ထို့ကြောင့် အထူးသတိပြု နေထိုင်ကြရန်လည်း ၎င်းကထပ်မံ၍ သတိပေးပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လ၊ ဩဂုတ်လနှင့် ယခုလအတွင်း၌ မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တို့၏ အချို့ မြို့များတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး ရေလျှံမှုဖြစ်ပွားကာ လူနေအိမ်များသို့ ရေဝင်ရောက်၍ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ရခြင်း၊ လမ်း၊ တံတားများ ရေတိုက်စား၍ ပျက်စီးခြင်း၊ မြေပြိုခြင်းများဖြစ်ပွားခဲ့ကာ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။
မောင်ဇော်
ဓာတ်ပုံ – ဒေသခံများ
ပုံစာ- ပြီးခဲ့သည့်လများအတွင်းက မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ရေကြီး ရေလျှံမှုဖြစ်ပွားစဉ်နှင့် ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် မြေပြိုမှု ဖြစ်ပွားစဉ်။
လာမည့်ရက်ပိုင်းအတွင်း ဒေသအချို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်း၊ ရုတ်တရတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်နိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်