ရန်ကုန်၊ နိုဝင်ဘာ ၈
လာမည့်ပြောင်းစိုက်ရာသီတွင် ရှမ်းမြောက်ဒေသများ၌ ပြောင်းစိုက်ဧကများ ထက်ဝက်ခန့် လျော့ကျနိုင်မည်ဟု ဒေသခံ ပြောင်းစိုက်တောင်သူများထံမှ သိရသည်။
ဒေသတွင်း မတည်ငြိမ်မှုများနှင့် တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ရှမ်းပြည်မြောက်ပိုင်းဒေသများရှိ ပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းမျိုးစေ့နှင့် ဓာတ်မြေဩဇာဝယ် ယူရန် ခက်ခဲနေမှုများကြောင့် ပြောင်းစိုက်ဧကများ လျော့ကျနိုင်ကြောင်း ပြောင်းစိုက်တောင်သူများက ခန့်မှန်းနေကြသည်။
“ပြောင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ရှမ်းပြည်မှာစိုက်တာများတယ်။ အခု တိုက်ပွဲတွေဖြစ်နေတော့ လမ်းတွေအကုန်ပိတ်သွားပြီ။ အရင်ထဲကပြောင်းမျိုးစေ့ ဝယ်ရတာ ခက်ခဲသလို မြေဩဇာဈေးတွေလည်းတက်တော့ မနှစ်ကလည်း ပြောင်းစိုက်တောင်သူတွေ အရှုံးပေါ်တယ်။ ဒီနှစ်လည်း တိုက်ပွဲတွေဖြစ်ပြီး လမ်းတွေပိတ်ထားလို့ ပြည်ပကို တင်ပို့ လို့မရဘူး။ တရုတ်ဘက်ကို ပို့ဖို့ဆိုတာ အခွန်ကများလွန်းတယ်။ ပြောင်းက ပြည်တွင်းစားသုံးမှုနည်းတဲ့အတွက် ပြည်ပဈေးကွက်ကိုပဲ အဓိကထားရတာ။ လာမယ့်နှစ်ကတော့ ပြောင်းစိုက်ဧက လျော့ဖို့ပဲရှိတယ်။” ဟု နောင်ချိုမြို့နယ်၌ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ပြည်တွင်းပြောင်းဈေးကွက်သည် တိရိစ္ဆာန်အစာစက်ရုံများကို အဓိကအားထားနေရပြီး ပြည်ပတင်ပို့မှုအတွက် တရုတ်နိုင်ငံဘက်သို့ တင်ပို့မည်ဆိုပါက အခွန် ၄၆ ရာခိုင်နှုန်းအထိ ပေးဆောင်ရသဖြင့် ကုန်သည်များက တွက်ခြေမကိုက်သောကြောင့် တင်ပို့မှုမရှိကြပဲ ဘိန်းအစားထိုးသီးနှံအဖြစ် အခွန်ကင်းလွတ်ခွင့်ရသည့် ပြောင်းတန်ချိန်အနည်းငယ်သာ ချင်း ရွှေဟော်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့တင်ပို့ကြောင်း သိရသည်။
ယခုပြောင်းစိုက်ရာသီအတွက် ရှမ်းပြည်မြောက်ပိုင်းရှိဒေသများတွင် ပြောင်းစိုက်ဧက ၁၂ သိန်းခန့် စိုက်ပျိုးထားပြီး၊ လာမည့်ပြောင်းစိုက်ရာသီတွင် ယခုထက် ထက်ဝက်ခန့်လျော့ကျ စိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ပြောင်းတင်ပို့မှုမှာ စက်တင်ဘာလ တစ်လတာအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ ၂ ဒဿမ ၅၁၃ တန်ဖိုးရှိသည့် ပြောင်းတန် ချိန် ၉၂၂၀ ကျော် တင်ပို့ ထားခဲ့ကာ၊ ထိုင်းနှင့် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ပြောင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒဿမ ၉၁၈ သန်း ရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း
လာမည့်ပြောင်းစိုက်ရာသီတွင် ရှမ်းမြောက်ဒေသ၌ ပြောင်းစိုက်ဧက ထက်ဝက်ခန့် လျော့ကျနိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်