ရန်ကုန်၊ အောက်တိုဘာ ၁၀
လာမယ့်ကြံရာသီတွင် ကြံတစ်တန် တစ်သိန်းနှစ်သောင်းကျပ်အထိ ဈေးဖွင့်ဝယ်ယူသွားမည်ဖြစ်ကြောင်း သကြားစက်ရုံအချို့မှ အသိပေးကြေညာထားသည်။
ပြီးခဲ့သည့် ကြံရာသီတွင် ကြံတစ်တန် ရှစ်သောင်းကျပ်မှ ဈေးစဖွင့်ခဲ့ပြီး တစ်သိန်းအထိ ဈေးပေးဝယ်ယူခဲ့ကြောင်း သိရသည်။
ပြည်တွင်းသကြားဈေး မြင့်တက်လာခြင်းကြောင့် လာမည့်ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် တစ်သိန်းနှစ်သောင်းအထိ တိုးမြင့်ဝယ်ယူမည်ဖြစ်ကြောင်း သကြားစက်ရုံများက ထုတ်ပြန်ထားသည်။
လက်ရှိ ပြည်တွင်းသကြားစားသုံးမှုနှင့် ထုတ်လုပ်မှုမှာ ညီမျှမှုမရှိဘဲ လျော့နည်းနေကြောင်း၊ ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ငါးသိန်းခန့်ရှိပြီး ယခင်နှစ် သကြားထုတ်လုပ် မှုမှာ တန်ချိန် ငါးသိန်းအောက် လျော့နည်းခဲ့ခြင်းကြောင့် သကြားဈေး မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
“ သကြားစက်ရုံတွေကပေးတဲ့ ကြံတစ်တန် တစ်သိန်းနှစ်သောင်းကျပ်ဆိုတဲ့ဈေးက စက်ရုံအရောက်ပို့ပေးရတဲ့ဈေး။ ကျွန်တော်တို့လို တောင်သူတွေအနေနဲ့ကျတော့ မကိုက်ဘူး။ တစ်သိန်းသုံးသောင်းလောက်ရမှ ကိုက်မှာ။” ဟု ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ကြံကို ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့တွင် အဓိကစိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး ကြံစိုက်ဧက ၄ သိန်းခွဲဝန်းကျင်ရှိကာ နေရာဒေသအလိုက် သကြားစက်များ ၏ ဝယ်ယူမှုဈေးနှုန်းလည်း ကွာခြားမှုရှိကြောင်း သိရသည်။
စုစု
ဓာတ်ပုံ – အင်တာနက်
လာမည့်ကြံရာသီတွင် ကြံတစ်တန် တစ်သိန်းနှစ်သောင်းကျပ်အထိ ဈေးဖွင့်ဝယ်ယူမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်